အာဆီယံယူ-၂၂ပြိုင်ပွဲအတွက် ပြင်ဆင်ရန် လိဂ်ကိုတစ်လရပ်နား ပရိသတ်အားပေးမှု မြင့်တက်ချိန် ရပ်နားခဲ့သဖြင့် ဝေဖန်သံများထွက်ပေါ်

အာဆီယံယူ-၂၂ပြိုင်ပွဲအတွက် ပြင်ဆင်ရန် လိဂ်ကိုတစ်လရပ်နား ပရိသတ်အားပေးမှု မြင့်တက်ချိန် ရပ်နားခဲ့သဖြင့် ဝေဖန်သံများထွက်ပေါ်

ပဏာမမြန်မာ့လက်ရွေးစင်ယူ-၂၂အသင်းတွင် ရွေးချယ်ခံထားရသည့် ကစားသမား အများစုမှာ ကလပ်အသီးသီးတွင် ခြေစွမ်းပြကစားလျက်ရှိနေသောကြောင့် အာဆီယံ ယူ-၂၂ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် နေရှင်နယ်လိဂ်ပြိုင်ပွဲကို ခေတ္တရပ်နားရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့သည်။

သဘောတူဆုံးဖြတ်

အာဆီယံယူ-၂၂ချန်ပီယံရှစ်ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဖေဖော်ဝါရီ ၁၇ရက်မှ ၂၆ရက်အထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နိုင်ရန် နေရှင်နယ်လိဂ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၄ ရက်မှ စတင်ရပ်နားကာ မတ် ၂ ရက်၌ ပြန်လည်ကျင်းပမည် ဖြစ်သည်။

ယခုကဲ့သို့ လိဂ်ပြိုင်ပွဲကို တစ်လကြာရပ်နားရန် ရာသီသစ် မစတင်မီကတည်းက အဖွဲ့ချုပ်နည်းစနစ်အဖွဲ့နှင့် ကလပ်အသင်းအားလုံး အသေးစိတ်ညှိနိူင်းခဲ့ပြီးနောက် ပြိုင်ပွဲကို ပွဲစဉ် ၄ အပြီးတွင် ရပ်နားရန် သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပြန်လည်မြင့်တက်

ပရိသတ်စိတ်ဝင်စားမှု တဖြည်းဖြည်းလျှော့နည်းကျဆင်းလာသည့် နေရှင်နယ်လိဂ် ပြိုင်ပွဲကို ပရိုလိဂ်စတင်ကျင်းပခဲ့စဉ်ကအတိုင်း ပရိသတ်များ ကွင်းပြည့်ကွင်းလျှံ လာရောက်အားပေးနိုင်ရန်အတွက် ၂၀၁၉ခုနှစ်ရာသီမှစ၍ MNL Fan Promotion Program ကို စတင်ပြုလုပ်ခဲ့ရာ လိဂ်ပြိုင်ပွဲကို ပရိသတ်များ စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာခဲ့သည်။

ယခုကဲ့သို့ ပရိသတ်စိတ်ဝင်စားမှု တစ်ဖန်မြင့်တက် လာချိန်တွင် နေရှင်နယ်လိဂ်ပြိုင်ပွဲကို တစ်လကြာရပ်နားခဲ့သည့်အတွက် ပရိသတ်များက ဝေဖန်မှုများပြုလုပ်လျက်ရှိနေသည်။

ပဏာမမြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းကို ကစားသမား ၂၈ ဦးဖြင့် စခန်းသွင်း လေ့ကျင့်လျက်ရှိပြီး အဆိုပါကစားသမားစာရင်းတွင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ ကစားသမား ၂၄ ဦး၊ လိဂ်-၂ မှ ၂ ဦး၊ MFF Youth အသင်းမှ ၂ ဦး ပါဝင်လျက်ရှိသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ယခင်နှစ်များကလည်း လက်ရွေးစင်အသင်းကြီး၏ နိုင်ငံတကာပြိုင်ပွဲများ၊ လူငယ်လက်ရွေးစင်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများကြောင့် ခေတ္တရပ်နားမှုများ ပြုလုပ်ခဲ့ဖူးသည်။



ဖတ်ရှုမှုအများဆုံး