ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(MNDAA) က ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်၊ နန့်ကျင်စံကျေးရွာမှ ဇန်နဝါရီလကုန်က အဓမ္မခေါ်ဆောင်သွားပြီး လူသစ်စုဆောင်းခဲ့သည့် ဒေသခံ ၁၁ ဦး ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ကွမ်းလုံမြို့နယ် အုပ်ချုပ်ရေးမ∙းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် ကိုးကန့်(MNDAA) အဖွဲ့၏ အဓမ္မ လူသစ်စုဆောင်းမှုကြောင့် နန့်ကျင်စံကျေးရွာနှင့် လောက်ခိုက်ကျေးရွာမှ လူဦးရေ ၃၅၀ ဝန်းကျင်ခန့်သည် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကွမ်းလုံမြို့နယ် အုပ်ချုပ်ရေးမ∙း ဦးအီနွယ်လှိုင်ပူက ပြောသည်။
"ကိုးကန်တပ်ဖွဲ့က နန့်ကျင်စံဆိုတဲ့ ရွာလေးကို ဝင်ပြီး လူသစ်စုဆောင်းတာပေါ့။ လူ ၁၂ ဦး ခေါ်သွားတယ်။ ြီဗဗ က ရွာတွေကိုဝင် လူခေါ်တာ။ ဒါနဲ့ဆိုနှစ်ကြိမ်ရှိပြီ။ ပထမတစ်ကြိမ်က ၁၆ ယောက်ခေါ်သွားတယ်။ သုံးယောက် ပြန်လွတ်လာတယ်။ ၁၃ ယောက်ကျန်သေးတယ်။ အခုလည်း ခေါ်သွားတာ ၁၂ယောက်၊ တစ်ယောက် ပြန်လွတ်လာတယ်။ ဒီတစ်ခေါက်တော့ ၁၁ ယောက်ပါသွားတယ်။ တစ်လအတွင်း နှစ်ကြိမ်ရှိပြီ" ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ကျေးရွာလုံခြုံရေးကို တပ်မတော်စစ်ကြောင်းများက တပ်ချထားပြီး တာဝန်ယူထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးသည့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူ ဒေသခံ ၂၄ ဦးအထိ ရှိနေသည်။ ပထမအကြိမ် လူသစ်စုဆောင်းစဉ် ဇန်နဝါရီလ ပထမအပတ်က အတင်းအဓမ္မ ခေါ်ဆောင်ခံရမည်ကို စိုးရိမ်၍ ကျေးရွာငါးရွာမှ လူဦးရေ ၆၀ဝ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။
ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများသည် ကန်မိန်းကျေးရွာတွင် ခေတ္တခိုလှုံနေကြပြီး ကွမ်းလုံအခြေစိုက် တပ်ဗျူဟာက လုံခြုံရေးပေးထားသလို၊ ကွမ်းလုံမြို့နယ် အုပ်ချုပ်ရေးရုံး၊ လားရှိုး၊ မူဆယ် စသည့် ဒေသများက လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနခွဲများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက စားနပ်ရိက္ခာနှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများကို ကူညီပေးနေသည်ဟု ဒေသခံများက ဆိုသည်။
ကိုးကန့်အဖွဲ့က ဖမ်ဆီးခေါ်ဆောင်သွားသည့် ဒေသခံများအနက် အသက်အငယ်ဆုံး ၁၄ နှစ်မှအသက် ၆၀ ကျော် အဘိုးအိုများလည်း ပါဝင်ကြောင်း အဓမ္မလူသစ်စုဆောင်းခံရသည့် မိသားစုများက ဆိုသည်။
"တရုတ်တွေ ရောက်လာတယ်။ (ကိုးကန့်)နန့်ကျင်စံရွာက လူတွေကို ဖမ်းသွားတယ်။ ကျွန်မသားအရွယ် ကလေးတွေလည်း ပါသွားတယ်။ ကျွန်မသားလေးကိုလည်း လာခေါ်မှာကြောက်လို့ ထွက်ပြေးလာခဲ့တာ" ဟု လောက်ခိုက် ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါအမျိုးသမီး၏ သားသမီးများအနက် အကြီးဆုံးက သားယောကျာ်းလေးဖြစ်ပြီး အသက် ၁၄ နှစ်အရွယ်ရှိပြီ ဖြစ်သည်။
ပထမအကြိမ် အဓမ္မလူသစ်စုဆောင်းစဉ်က အသက် ၆၀ ကျော် အမျိုးသားကြီးများကို ပြန်လည်ခေါ်ယူလိုပါက မိသားစုဝင်များအနက်မှ အမျိုးသား၊ သို့မဟုတ် အမျိုးသမီး လူငယ်တစ်ဦးဦးနှင့် လဲလှယ်နိုင်ကြောင်း ကိုးကန့်အဖွဲ့က ဆက်သွယ်ခဲ့သည်ဟု ဒေသခံအချို့က ဆိုသည်။ လူသစ်စုဆောင်း ခံရသူများကို စစ်ဝတ်စုံ ယူနီဖောင်းများနှင့် ရိုက်ထားသည့်ဓာတ်ပုံများကို မိသားစုဝင်များထံ အင်တာနက်ကတစ်ဆင့် ပေးပို့ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ကိုးကန့်အဖွဲ့က လူသစ်စုဆောင်းရန် ခေါ်ဆောင်သွားသူများအနက် ဆက်လက်ထိန်းသိမ်းခံရသူများမှာကိုးကန့်လူမျိုးများဖြစ်ပြီး ပြန်လွတ်လာသူများသည်မြောင်ဇီးတိုင်းရင်းသားများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
လက်ရှိအချိန်သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် အချိန်နီးကပ်နေပြီဖြစ်သဖြင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဖြေဆိုရေး အခက်အခဲရှိနေကြောင်းနှင့် ယင်းအတွက် ကွမ်းလုံမြို့အုပ်ချုပ်ရေးမ∙းမှ တစ်ဆင့်မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်းပြီး စားမေးပွဲဖြေဆိုနိုင်ရေး စီစဉ်သွားမည်ဟု အာဏာပိုင်များက ပြောသည်။
အဓမ္မလူသစ်စုဆောင်းသည့် ကိစ္စနှင့်ပတ်သက်၍ ကိုးကန့် (MNDAA) အဖွဲ့ကို ဆက်သွယ်မေးမြန်းရန် မြန်မာတိုင်း(မ်)က ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။
ကိုးကန့်(MNDAA) အဖွဲ့သည် ၂၀ဝ၉ တွင် ရဲတပ်ဖွဲ့ဝင်များကို ပြန်ပေးဆွဲမှုကြောင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ တပ်မတော်၏ တိုက်ထုတ်မှုကို ခံခဲ့ရသည်။ ၂၀၁၅ တွင် လောက်ကိုင်မြို့အတွင်းသို့ ဝင်ရောက်စီးနင်းရန် ကိုးကန့်အဖွဲ့က ကြိုးပမ်းခဲ့ပြီး တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
အဆိုပါ နှစ်အတွင်းမှာပင် တပ်မတော်က ကိုးကန့်အဖွဲ့၏ နယ်မြေအချို့ကို သိမ်းပိုက်ခဲ့ပြီးနောက်စစ်ရေးတင်းမာမှုများက ပြန်လည် ပြေလျော့သွားသည်။
ထိုအချိန်မှစ၍ ကိုးကန့်အဖွဲ့သည် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်၊ ရက္ခိုင့်လက်နက်ကိုင်အဖွဲ့ (အေအေ) စသည့် အဖွဲ့အစည်းများနှင့် မဟာမိတ်ဖွဲ့ပြီး တပ်မတော်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယင်းအဖွဲ့သည် ယခုအချိန်အထိ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (အင်န်စီအေ)ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။
















