လွန်ခဲ့သော ၇၂ နှစ်က ဆုံးဖြတ်ချက်ဖြစ်သည့် ပင်လုံမြေမှ ပြည်ထောင်စု အိပ်မက်ကို အကောင်အထည်ဖော်ရေး ပြည်နယ်နှင့် ပြည်မစည်းလုံးညီညွတ်စွာ ဥမကွဲသိုက်မပျက် ထာဝရလက်တွဲသွားရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၇ ရက်တွင်ကျရောက်သော (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားအတွက်ပေးပို့သော သဝဏ်လွှာ၌ တိုက်တွန်းပြောကြားသည်။
ပြည်ထောင်စုဖွားတိုင်းရင်းသားများ အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်ရေးရရှိအောင် အတူတကွဆောင်ကြဉ်း နိုင်ခဲ့သော်လည်း နိုင်ငံရေးအယူအဆကွဲလွဲမှုနှင့် ယုံကြည်မှုပျက်ပြားခြင်းတို့ကြောင့် တိုင်းရင်းသားအချင်းချင်းအကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့ရာ ယနေ့အချိန်အထိ အချို့ဒေသများ၌သေနတ်သံကြားနေရသည်မှာ ဝမ်းနည်းစရာကောင်းကြောင်း၊ လွန်ခဲ့ သော ၇၂ နှစ်က တိုင်းရင်းသားများမျှော်မှန်းခဲ့သော ပင်လုံမြေမှ ပြည်ထောင်စုအိပ်မက်ကို အကောင်အထည်ဖော်ရန် အထူးလိုအပ် ကြောင်း၊ နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွားခဲ့သော ပဋိပက္ခများချုပ်ငြိမ်းရေး အတွက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေး နှင့် တိုင်းရင်းသားအခွင့်အရေးများ အပြည့်အဝရရှိစေမည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးမှာ အရေးကြီးကြောင်း နိုင်ငံ တော်သမ္မတ၏သဝဏ်လွှာ၌ ဖော်ပြထားသည်။
ထာဝရပူးပေါင်းလက်တွဲရန်
တိုင်းရင်းသားများ အစဉ်တစိုက်တောင်းဆိုခဲ့သော နိုင်ငံရေး ဆွေးနွေးပွဲများမှာ သမိုင်းတစ်လျှောက်ကြုံတောင့်ကြုံခဲဖြစ်ထွန်းနေပြီ ဖြစ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးများသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ညှိနှိုင်း ဖြေရှင်းပြီး စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ် ပေါက်လာရေး သမိုင်းဝင်ဆွေးနွေးပွဲများဖြစ်ကြောင်း၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သာတူညီမျှ အခွင့်အရေးရရှိခြင်း၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိခြင်းဟူသည့် အနှစ် သာရပြည့်ဝသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက် ရေးရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံးက ပင်လုံစိတ်ဓာတ်ကို အရင်းခံကာ ပြည်နယ်၊ ပြည်မ ထာဝရပူးပေါင်းလက်တွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက တိုက်တွန်းခဲ့သည်။
ရှမ်းပြည်နယ်နေ့အဖြစ်သတ်မှတ်
ပြည်မနှင့် တောင်တန်းပူးပေါင်းကာ လွတ်လပ်ရေးရယူမည်ဆို သည့် ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်ကို ဂုဏ်ပြု သောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
















