အာသံနှင့် ကသည်းလက်နက်ကိုင်အဖွဲ့တို့၏ တပ်စခန်းများနှင့် စစ်လက်နက်ပစ္စည်းများ တပ်မတော်ထပ်မံသိမ်းပိုက်ရရှိခဲ့ဟုထုတ်ပြန်

အာသံနှင့် ကသည်းလက်နက်ကိုင်အဖွဲ့တို့၏ တပ်စခန်းများနှင့် စစ်လက်နက်ပစ္စည်းများ တပ်မတော်ထပ်မံသိမ်းပိုက်ရရှိခဲ့ဟုထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တကားကျေးရွာ အနီးရှိ အာသံနှင့်ကသည်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ တပ်စခန်းများနှင့် စစ်လက်နက်ပစ္စည်းများ ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၇ ရက်၌ ထုတ်ပြန်သည်။

သိမ်းပိုက်ရရှိ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တကားကျေးရွာအနီးတစ်ဝိုက်ရှိ နာဂဆိုရှယ်လစ် ကောင်စီ NSCN(K) စခန်းနှင့် အနီးပတ်ဝန်းကျင်နေရာများ၌ အာသံနှင့် ကသည်းလက် နက်ကိုင်အဖွဲ့များNSCN(K)အဖွဲ့ အသွင်ဖြင့် ဖြန့်ခွဲအခြေပြုလျက်ရှိသည်ဟုဆိုကာ တပ်မတော်စစ်ကြောင်းများက ဇန်နဝါရီ ၂၉ ရက်မှစတင်ရှင်းလင်းခဲ့ရာ ၎င်းတို့အခြေပြု သည့်စခန်းအသီးသီးအား သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများအား လုပ်ဆောင် လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် ဖေဖော်ဝါရီ ၄ ရက်တွင် တကားကျေးရွာ၏အနောက်ဘက် မီတာ ၁၆၀ဝ ခန့်အကွာရှိ လျှိုအတွင်း၌ သိုဝှက်ထားသော လက်နက်မျိုးစုံ ၁၅ လက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင်လည်း အဆိုပါနေရာ၌ ကျည်အိမ်မျိုးစုံ ၈၀ နှင့် အသုံးအဆောင်ပစ္စည်းများအား ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း၊ ထို့ပြင် တကားကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၈၀ဝ၀ ခန့်အကွာ ၌ ၎င်းတို့အခြေပြုခဲ့သော စခန်းတစ်ခုကိုလည်း ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း ယင်းထုတ်ပြန် ချက်၌ ဖော်ပြပါရှိသည်။

လုံခြုံရေးဆက်လုပ်မည်

တပ်မတော်အနေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တရားမဝင်လက်နက် ကိုင်အဖွဲ့အစည်းများဝင်ရောက် စိမ့်ဝင်လှုပ်ရှားမှုမရှိစေရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

ဆန့်ကျင်သည့်အဖွဲ့နေခွင့်မပြု

NSCN(K)အဖွဲ့အနေဖြင့် အိန္ဒိယနိုင်ငံအား ဆန့်ကျင်လျက်ရှိသည့် တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းအချို့အား ၎င်းတို့ အသွင်ရယူစေလျက် ၎င်းတို့၏စခန်းများ အနီးဝန်းကျင်နယ်မြေ၌ နေထိုင်ခွင့်ပြုထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံ နှင့်ပတ်သက်သည့် အစိုးရအသီးသီးအား ဆန့်ကျင်နေသည့် မည်သည့် လက်နက်ကိုင် အဖွဲ့ကိုမဆို အခြေချနေထိုင်ခွင့်မပြုကြောင်း၊ လက်မခံကြောင်း စသည့်မူဝါဒများကို လက် ကိုင်ထားသည်နှင့်အညီ သတင်းတည်ဆောက်ပြီး မြေပြင်သတင်းများဆက်စပ်ဖော်ထုတ်ခဲ့ရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တကားကျေးရွာအနီး တစ်ဝိုက်ရှိ NSCN(K)စခန်း နှင့် အနီးပတ်ဝန်းကျင်နေရာများ၌ အာသံနှင့်ကသည်း လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့အချို့ NSCN(K)အဖွဲ့အသွင်ဖြင့် ဖြန့်ခွဲအခြေပြုကာ စစ်သင်တန်းများဖွင့်လှစ် လျက်ရှိနိုင်ကြောင်း မသင်္ကာဖွယ်အထောက်အထားများခိုင်လုံစွာ တွေ့ရှိရသဖြင့် တပ်မတော် စစ်ကြောင်းများက အဆိုပါနေရာများအား သွားရောက်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နိုင်ငံတစ်နိုင်ငံထူထောင်ရန်

အိန္ဒိယ-မြန်မာနယ်စပ်ဒေသတွင် နာဂတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လှုပ်ရှား နေကြပြီး မြန်မာဘက်တွင် နာဂဆိုရှယ်လစ် ကောင်စီ-ကပ္ပလန်NSCN(K)ရှိကာ အိန္ဒိယ ဘက်တွင်လည်းNSCN-IM ဆိုသည့် အလားတူ လက်နက်ကိုင်အဖွဲ့အစည်းရှိနေသည်။ ၎င်းတို့အဖွဲ့အစည်းနှစ်ခု၏ရည်မှန်းချက်မှာ အိန္ဒိယဘက်မှ နာဂလူမျိုးများအခြေချရာ ဒေသနှင့် မြန်မာပိုင်နက်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့ကိုပေါင်းစပ်ကာ သီးခြား လွတ်လပ်သောနိုင်ငံတစ်နိုင်ငံထူထောင်ရန်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး