ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် စစ်တောင်း မြစ် စက်စုကျေးရွာ၌ ဖြစ်ပေါ်နေသော မြေနုကျွန်း (သောင်မြေ) ပြဿနာအား တစ်ပတ်အတွင်း ဥပဒေနှင့်အညီ ဖြေရှင်းပေးရန် ဝန်ကြီးချုပ်က ပဲခူးခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို ညွှန်ကြားခဲ့သည်။
ညွှန်ကြားခဲ့
စစ်တောင်းမြစ်နှင့် ဆက်စပ်နေသည့် စက်စုကျေးရွာ၌ပေါ်ထွန်းနေသော မြေနုကျွန်း သောင်မြေ လယ်ဧက ၃၀ဝ ကျော်အား ကျူးကျော်စိုက်ပျိုးထားသူများက ကွင်းဆင်း စစ်ဆေးသည့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ရန်ပြုတားဆီးခြင်းများရှိနေသဖြင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ဖေဖော်ဝါရီ ၅ ရက်က စက်စု ကျေးရွာသို့ ရောက်ရှိလာစဉ် ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
"မြေနုကျွန်းကို ဥပဒေအတိုင်း ဆောင်ရွက် ပေးဖို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကမြေပြင်ဆင်းပြီး တိုင်းတာ ကြည့်ရှုတာကို ယခင်ကျူးကျော်စိုက်ပျိုးထား သူတွေက တုတ်၊ ဓားလက်နက်နဲ့ ပြဿနာရှာတဲ့ အတွက် လုပ်ပေးလို့မရဘူးဖြစ်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ကတော့ ဒေသခံတောင်သူတွေနဲ့ တွေ့ဆုံပြီး ဥပဒေအတိုင်းဆောင်ရွက်ပေးသွား မယ်ဆိုတဲ့အကြောင်းနဲ့ နှောင့်ယှက်ဟန့်တားရင် အရေးယူ ဆောင်ရွက်မယ်ဆိုတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်"ဟု ဝေါမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဒေါ်ရီရီထိုက်က ပြောဆိုသည်။
ကန့်ကွက်ခဲ့
မြေနုကျွန်း(သောင်မြေ)ရှိနေသော ကျေးရွာ များအား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနက ၂၀၁၇ ခုနှစ် မေလ နှင့် ဇွန်လများတွင် တိုင်းတာစစ်ဆေးခဲ့စဉ် ကျေးရွာများရှိ လယ်ယာချို့တဲ့သော ဒေသခံ ၉၈ ဦးက လျှောက်ထားခဲ့သော်လည်း လျှောက် ထားသူများကို လက်ရှိကျူးကျော်စိုက်ပျိုးထားသူ ၇၄ ဦးက ကန့်ကွက်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော် သောင်မြေပေါ်ထွန်းကတည်းက ကိုင်းတော တွေကို ခုတ်ထွင်ရှင်းလင်းပြီး နွေရာသီနဲ့ဆောင်း ရာသီမှာ ပဲအမျိုးမျိုးစိုက်ပျိုးခဲ့တာပါ။ မိုးတွင်း မှာ ရေပြန်မြုပ်လို့ စိုက်ပျိုးလို့မရပါဘူး။ အခုလို တန်းစီဇယားနဲ့ မြေယာပိုင်ဆိုင်ခွင့်ချပေးမယ် ဆိုတော့ ယခင်ကလုပ်ကိုင်လာခဲ့ပြီး အပင်ပန်း ခံခဲ့တဲ့ လယ်သမားတွေကိုလည်း ပြန်လည်စဉ်းစား ပေးစေချင်ပါတယ်"ဟု စက်စုကျေးရွာမှကျူးကျော် စိုက်ပျိုးထားသူတစ်ဦးက ပြောဆိုသည်။
စက်စုကျေးရွာ၊ လက်ပံကျေးရွာ၊ အညာစု ကျေးရွာတို့တွင်ပေါ်ထွန်းနေသည့် မြေနုကျွန်း၊ သောင်မြေ လယ်ဧက ၅၀ဝ ကျော်အား မြေ နုကျွန်းဥပဒေအတိုင်း အကောင်အထည်ဖော် ပေးရန် ပဲခူးတိုင်းဒေသကြီး လွှတ်တော်၌ ၂၀၁၆ ခုနှစ်တွင် ကြယ်ပွင့်မပြမေးခွန်းအဖြစ် လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ကြယ်ပွင့်ပြ မေးခွန်းအဖြစ်လည်းကောင်း တင်ပြခဲ့ရာ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ဆောင်ရွက်ပေးမည်ဟု ဖြေကြားခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က ပြောဆိုသည်။
















