တိုက်ပွဲဖြစ်ပွားမှုများအတွက် ညှိနှိုင်းရန် တပ်မတော်ထံ ကေအင်န်ယူကမ်းလှမ်း

တိုက်ပွဲဖြစ်ပွားမှုများအတွက် ညှိနှိုင်းရန် တပ်မတော်ထံ ကေအင်န်ယူကမ်းလှမ်း

ကရင်အမျိုးသား အစည်းအရုံး (ကေအင်န်ယူ)၏ထိန်းချုပ်နယ်မြေ၌ တပ်မတော်က လမ်းဖောက်လုပ်ခဲ့ရာ၌ တပ်မတော်နှင့် ကေအင်န်ယူအကြား ဖြစ်ပွားနေသည့်တိုက်ပွဲများအတွက်ညှိနှိုင်းရန် ကေအင်န်ယူက တပ်မတော်ထံကမ်းလှမ်းထားကြောင်း ကေအင်န်ယူဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဖေဖော်ဝါရီ ၉ ရက်၌ ပြောဆိုသည်။

တိုက်ပွဲအနည်းငယ်ဖြစ်

"ဒါကတော့ ကျွန်တော်တို့ လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်းမှာ လတ်တလော အဲဒီ တပ်မဟာ(၅)ဘက်မှာ တိုက်ပွဲ အနည်းအကျဉ်းဖြစ်နေတယ်။ လမ်းဖောက်လုပ်ရေးကိစ္စနဲ့ပတ်သက်ပြီး။ အဲဒါနဲ့ပတ်သက်လို့ တွေ့နိုင်ဖို့အတွက် ကျွန်တော်တို့ အသိပေးတဲ့သဘောပါ"ဟု ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

တွေ့ဆုံရန်အရေးတကြီးလိုအပ်

လွန်ခဲ့သည့်ရက်ပိုင်းက ကေအင်န်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အကြောင်းကြားစာတစ်စောင် ပေးပို့ခဲ့ပြီး ယင်းစာတွင် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ ဖြစ်ထွန်းတိုးတက်မှုများအပေါ် စိုးရိမ်လျက်ရှိကြောင်း၊ လက်ရှိကာလတွင် ဖြစ်ပွားလျက်ရှိသော မြေပြင်ထိတွေ့မှုများနှင့်ပတ်သက်၍ အင်န်စီအေနောက်ဆက်တွဲ ပြုလုပ်ရန်လိုအပ်နေသည့် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲများအတွက် နှစ်ဖက်တပ်မှူးများ ပါဝင်သည့် ကိုယ်စားလှယ်များအကြား တွေ့ဆုံရန် အရေးတကြီး လိုအပ်နေကြောင်း ဖော်ပြပါရှိသည်။

အစည်းအဝေးစီစဉ်ပေးရန်

ထို့ကြောင့် တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲကို အမြန်ဆုံးအကောင်အထည်ဖော်ရန်နှင့် လက်ရှိရင်ဆိုင်နေရသော တပ်ပိုင်းဆိုင်ရာအခက်အခဲများကို အတူတကွတွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ရေး တပ်မတော်ဘက်မှ ငါးဦး၊ ကေအင်န်ယူဘက်မှ ငါးဦးပါဝင်သည့် အစည်းအဝေးကို စီစဉ်ပေးရန် ကေအင်န်ယူဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တောင်းဆိုထားသည်။

ချောင်းမြောင်းပစ်ခတ်

ပြီးခဲ့သည့်တစ်လအတွင်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ် ဗျက္ကောပု၊ ယွန်းစလင်းလမ်း၊ ဘော်စဲခို၊ လွယ်မူပလောလမ်းတို့တွင် တပ်မတော်စစ်ကြောင်းအား ကေအင်န်ယူတပ်မဟာ(၅)က ချောင်းမြောင်းပစ်ခတ်မှု ကိုးကြိမ်ပြုလုပ်ခဲ့ပြီး ကားမိုင်း ဖောက်ခွဲမှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး