အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(အင်န်အာရ်ပီစီ)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(အင်န် စီအေ) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့ ဖေဖော် ဝါရီ ၁၃ ရက်တွင် နေပြည်တော်၌ အလွတ်သဘောတွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
"အင်န်စီအေလက်မှတ်ထိုးထားတဲ့အဖွဲ့တွေကို ပြည်ထောင်စုနေ့ ညစာစားပွဲ ဖိတ်ထားတယ်။ ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်ပိုင်းကျရင် အင်န်အာရ်ပီစီနဲ့ အလွတ်သဘောတွေ့ဖို့ စီစဉ်နေတာရှိပါတယ်"ဟု ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ဖေဖော် ဝါရီ ၁၀ ရက်၌ ပြောဆိုခဲ့သည်။ အစိုးရနှင့် အင်န်စီအေလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့၌ ပြုလုပ်ခဲ့သည့် အင်န်စီအေသုံးနှစ်ပြည့် ထိပ်သီးအစည်းအဝေးတွင် နောက်ဆုံးတွေ့ ဆုံခဲ့ခြင်းဖြစ်သည်။
"အလွတ်သဘော"
"မတွေ့တာကြာတော့ ဘာတွေပြင်ဆင်နေလဲ၊ ဘာတွေဆက် လုပ်မလဲပေါ့။ ဘာတွေဆွေးနွေးမယ်ဆိုတာမျိုး သတ်မှတ်မထားဘူး။ ဒီတစ်ခါတော့ ခေါင်းစဉ်တွေသတ်မှတ်မထားဘဲ အလွတ်သဘောနဲ့ တူအောင်လုပ်တော့မယ်"ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆိုခဲ့သည်။
"ပါဝင်ရန်မသေချာ"
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အင်န်အာရ်ပီစီ၏ဥက္ကဋ္ဌဖြစ်သော်လည်း ယင်းရက်ပိုင်းအတွင်း တနင်္သာရီ တိုင်းဒေသကြီးသို့ သွားရောက်မည့်ခရီးစဉ်ရှိနေသည့်အတွက် ဆွေး နွေးပွဲတွင်ပါဝင်ရန် မသေချာကြောင်း သိရသည်။

















