တပ်မတော်က ကြေညာထားသည့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကာလအတွင်း လုံခြုံရေးသတိကင်းမဲ့စွာဆောင်ရွက်ခဲ့သော တပ်မတော်အရာရှိများအား အရေးယူမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းတွင်ထုတ်ပြန်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းနှင့်ကျိုင်းတုံအကြား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) အဖွဲ့ဝင် အင်အား ၅၀ ခန့်က ဆက်ကြေးကောက်ခံနေစဉ် ဖေဖော်ဝါရီလ ၁၂ ရက်ညနေပိုင်း၌ တပ်ရင်း ၂ ရင်းမှ ယာယီတာဝန်အပြီး တောင်ကြီးမှ ကျိုင်းတုံသို့ပြန်လာသည့် တပ်ရင်းမှူး ၂ ဦး စီးနင်းလာသော ၁/၄ တန် စစ်ဘက်မော်တော်ယာဉ်တစ်စီးအား ခန့်မှန်းမြေပုံညွှန်း (အင်န်ဒီ-၂၁၈၆၂၃) နေရာအရောက် တားဆီး၍ ယာဉ်ပေါ်ပါရှိသည့် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အာရ်စီအက်စ်အက်စ်အနေဖြင့် တပ်မတော်သားများနှင့်စစ်အသုံးအဆောင်ပစ္စည်းများ ဖြစ်သည်ကို သိလျက်နှင့် ဆောင်ရွက်မှုသည် ထာဝရငြိမ်းချမ်းရေးအတွက် ကြီးမားသည့် ဆန့်ကျင်ဘက် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း၊ သဘောတူ စာချုပ်များနှင့် ထုတ်ပြန်ချက်များအား ချိုးဖောက်၍ တပ်မတော်အရာရှိများထံမှ ယူဆောင်သွားသော ယင်းအသုံးအဆောင်ပစ္စည်းများအားလုံးကို တပ်မတော်သို့ အမြန်ဆုံးပြန်လည်ပေးအပ်ရန် အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ပြန်လည်ပေး အပ်ခြင်းမရှိပါက လိုအပ်သလိုအရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အပါအဝင် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲ ထားသည့် ကာလအတွင်း လုံခြုံရေးသတိကင်းမဲ့စွာဆောင်ရွက်ခဲ့ကြသော အရာရှိများကိုလည်း စစ်စည်းကမ်းနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။
အာရ်စီအက်စ်အက်စ် အဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးထားပြီးသောအဖွဲ့အစည်းဖြစ်ပြီး အင်န်စီအေ လက်မှတ်ရေးထိုး ပြီးနောက်ပိုင်းတွင်လည်း စာချုပ်ပါအချက်အလက်များအား ဖောက်ဖျက်ကျူးလွန်ခဲ့သဖြင့်အကြိမ် ကြိမ်သတိပေးနေရသည့် အဖွဲ့အစည်းဖြစ်သည်ဟု တပ်မတော်က ထုတ်ပြန်သည်။
တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်လျက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစတင်ကာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအပါအဝင် တိုင်းစစ်ဌာနချုပ် ၅ ခု၌ ရက်ပေါင်း ၁၃၀ တိတိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခဲ့သည်။
















