အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သည့်မြန်မာအသင်း ရူပီး ခုနှစ်သိန်း ဆုကြေးရရှိ

အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သည့်မြန်မာအသင်း ရူပီး ခုနှစ်သိန်း ဆုကြေးရရှိ

အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် Hero Gold Cup ဖိတ်ခေါ်အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာအသင်းမှာ ဆုဖလားနှင့်အတူ အိန္ဒိယရူပီး ခုနစ်သိန်း ဆုကြေး ရရှိခဲ့ကြောင်း သိရသည်။

ရူပီးခုနှစ်သိန်း

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၁၅ရက်က ဖိတ်ခေါ်ပြိုင်ပွဲဗိုလ်လုပွဲအဖြစ် နီပေါအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ချန်ပီယံဆုဖလားရရှိခဲ့သည့် မြန်မာအသင်းကို ဆုဖလားနှင့်အတူ တစ်ဦးချင်းဆုတံဆိပ်များနှင့် ဆုကြေးငွေ ရူပီးခုနစ်သိန်း ချက်လက်မှတ် ရရှိခဲ့သည်။

အကောင်းဆုံးကစားသမား

ထို့အပြင် မြန်မာအမျိုးသမီးအသင်းသည် ချန်ပီယံဆုအပြင် ပြိုင်ပွဲတစ်လျှောက် အသန့်ရှင်းဆုံးအသင်းဆုကိုလည်းရရှိခဲ့ပြီး ဆုကြေးငွေ ရူပီး သုံးသိန်း ချက်လက်မှတ် ရရှိခဲ့သည်။အကောင်းဆုံး ကစားသမားဆုကို မြန်မာ့လက်ရွေးစင်ကစားသမား ဝင်းသိင်္ဂီထွန်းက ဆွတ်ခူးခဲ့ပြီး ရူပီး တစ်သိန်းခွဲ ချက်လက်မှတ် ရရှိခဲ့သည်။

ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဂိုးသမားဆုကို ပြိုင်ပွဲ၌ ပေးဂိုးတစ်ဂိုးသာခွင့်ပြုခဲ့ရသည့် မြန်မာ့လက်ရွေးစင်ဂိုးသမား ဇာဇာမြင့်က ဆွတ်ခူးခဲ့ပြီး ရူပီး တစ်သိန်း ချက်လက်မှတ် ဆုကြေးရရှိခဲ့သည်။

ဂိုးသွင်းအများဆုံးဆု

ဆက်လက်ပြီး ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံးဆုတွင် မြန်မာ့လက်ရွေးစင် ကစားသမား ရီရီဦးနှင့် နီပေါအသင်းမှ ဆာဘီထရာတို့က သွင်းဂိုးလေးဂိုးစီဖြင့် ပူးတွဲရရှိခဲ့ပြီး ရူပီး တစ်သိန်း ဆုကြေးရရှိခဲ့သည်။

ဆုတောင်းပေးခဲ့

ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို အိမ်ရှင် အိန္ဒိယ၊မြန်မာ၊အီရန်နှင့် နီပေါအသင်းတို့ အုပ်စုပတ်လည်ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်အများဆုံးရရှိသည့်နှစ်သင်း ဗိုလ်လုပွဲယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ဆုကြေး မြန်မာနှင့် နီပေါအသင်းတို့သည် ဗိုလ်လုပွဲမယှဉ်ပြိုင်မီ အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှု၌ သေဆုံးခဲ့ရသူများအတွက် တစ်မိနစ်ကြာ ငြိမ်သက်၍ ဆုတောင်းပေးခဲ့ကြကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး