မြန်မာ့တပ်မတော်ခေါင်းဆောင်များကို ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုနှင့်ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်၊ လူမျိုးတုံးသတ် ဖြတ်မှုများကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်များဖြင့် နိုင်ငံတကာရာဇဝတ် ခုံရုံးကိုတင်ရန် ကြိုးပမ်းမှုနှင့်ပတ်သက်ပြီး လိုက်နာစရာအကြောင်းမရှိ ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၄ ရက်က ဂျပန်နိုင်ငံ Asahi Shimbun သတင်းဌာန၊ ရန်ကုန်ဌာနခွဲမှအကြီးအကဲအား တွေ့ဆုံမေးမြန်းခွင့် ပြုရာ၌ ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ခြိမ်းခြောက်မရ
"ကျွန်တော်တို့က အိုင်စီစီအဖွဲ့ဝင်မဟုတ်ဘူး။ ကျွန်တော်တို့ အိုင်စီစီနဲ့ ပတ်သက်လို့ ဘာမှလိုက်နာစရာအကြောင်းလည်းမရှိဘူး။ သူ့ဟာသူ ပြောချင်ရာပြောပါစေ။ ကျွန်တော်တို့ကို လာပြီးတော့ခြိမ်းခြောက်လို့ လည်းမရဘူး"ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ဥပဒေများနှင့်အညီ တပ်မတော်က ဆောင်ရွက်နေခြင်း ဖြစ်ပြီး ဥပဒေချိုးဖောက်မှုများရှိပါက ပြောဆိုနိုင်ကြောင်း၊ အခြားနိုင်ငံမှ ဥပဒေများနှင့်ချိန်ထိုးပြောဆို၍မရကြောင်း၊ မြန်မာနိုင်ငံသည် အချုပ် အခြာအဏာပိုင်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် သဟဇာတမဖြစ်သည့် ပြောဆိုချက်များကို လိုက်နာရန်မဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်လက် ပြောဆိုသည်။
"ဒီနေရာမှာတစ်ချက်ပြောချင်တာက နိုင်ငံတကာနဲ့ပတ်သက်တဲ့ စာချုပ်စာတမ်းတွေမှာ တချို့နိုင်ငံတွေလက်မှတ်မထိုးဘူး။ ဒါပေမဲ့ သူတို့နိုင်ငံနဲ့ကိုက်ညီတဲ့အချက်ဆို လိုက်နာတာရှိတယ်။ တချို့နိုင်ငံတွေ က သူတို့နိုင်ငံနဲ့မကိုက်ညီရင် မလိုက်နာတာရှိတယ်။ လက်မှတ်ထိုးမှ မထိုးမှ မဟုတ်ဘူး"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သွားသည့်သူများအား ပြန်လည်လက်ခံရေးဆောင်ရွက်နေပြီး နိုင်ငံသားဖြစ်ရေးကိစ္စများအတွက် ဥပဒေနှင့်အညီဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
















