"အတ္တဘာဝ အရပ်ဘက်ကွပ်ကဲမှုတွင် ဥပဒေပြုအာဏာ၏ ၂၅ရာခိုင်နှုန်းနှင့် အုပ်ချုပ် ရေးအာဏာ၏ ဝန်ကြီးသုံးပါးကို တပ်မတော်က ယူထားသည်။
အစိုးရ အင်စတီကျူးရှင်းများဖြင့် စီမံသော အရပ်ဘက်ကွပ်ကဲမှုတွင်လည်း အင်စတီကျူးရှင်းများမှာ စတင်ခါစအနေအထား မှာပင်ရှိသေးသည်။ (တစ်ဖက်မှ တပ်မတော် အင်စတီကျူးရှင်းများကား တိုင်းပြည်တွင် အကောင်းဆုံးဖြစ်နေသည်။) လူမှုလူတန်းစား တို့ဖြင့် စီမံသောအရပ်ဘက်ကွပ်ကဲမှုတွင်လည်း လူတန်းစားမှာ အားနည်းဆဲသာ ဖြစ်သည်။ ပီပီသသအထင်အရှားရှိနေသည်မှာ ဖွဲ့စည်း ပုံအခြေခံဥပဒေဖြင့်စီမံသော အရပ်ဘက်ကွပ်ကဲ မှုသာရှိရာ ပကတိဘာဝ အရပ်ဘက်ကွပ်ကဲမှု ဖြစ်ဖို့ဆိုလျှင် ၂၀ဝ၈ အခြေခံဥပဒေဘောင်တွင်း မှသာ လှုပ်ရှားဖို့လိုလိမ့်မည်ဟု တွေးမိသည်။"
ဆရာကျော်ဝင်း၏ ယခုသုံးသပ်ချက်အရ ဆိုလျှင် ဟန်တင်ဟန်၏ အဆိုပြုအချက် ငါးချက်အနက် တစ်ချက်သာ အသုံးချရနိုင်သည်ကို တွေ့ရသည်။ ယင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စီမံသော အရပ်ဘက်ကွပ်ကဲမှု(Civilian Control by Constitution) ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စီမံသောအရပ် ဘက်ကွပ်ကဲမှု(Civilian Control by Constitution) နိုင်ရန်မှာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ရပ်တည်မှုအပေါ် တည်မှီနေသည်။ စင်စင်အားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည် မှာ နိုင်ငံတစ်နိုင်ငံ၏ အသက်ဝိညာဉ်ဖြစ်သည်။ အသက်ဝိညာဉ်ဆိုရာ၌လည်း သီးသီးသန့်သန့် ခန့်ခန့်ထည်ထည်ကြီးမားတည်တံ့သော ကိုယ်ပိုင် ဣန္ဒြေသိက္ခာနှင့် ရပ်တည်သည့် အသက်ဝိညာဉ် မျိုးဖြစ်ရမည်။ လက်ခုပ်ထဲကရေလို အသက် ဝိညာဉ်မျိုးလုံးဝမဖြစ်ရ။ လက်ခုပ်ဆိုသည်မှာ လှန်ထားချင်လှန်ထားလို့ရသည်။ မှောက်ချင် မှောက်လိုက်လို့ရသည်။ ကြိုက်သလို လုပ်လို့ရ သော လက်ခုပ်ထဲမှရေသည် ဘယ်လိုမှ အစိုးမရ။
ဒီမိုကရေစီစံနှုန်း ပေမီကိုက်မီ ပေအပြည့် ကိုက်တံအပြည့်ဖြင့် တိုင်းတာလျှင် လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် လက်ခုပ် ထဲက ရေလိုဖြစ်နေသည်။ စစ်ဘက်က စစ်ဘက် နေရာမှာသာနေပြီး အရပ်၏ ဘက်ကွပ်ကဲမှုကို စိတ်ချယုံကြည် ကျေနပ်နိုင်ခြင်းသည် အရပ် ဘက်Šစစ်ဘက် ဆက်ဆံရေးကောင်းများဖြစ် သကဲ့သို့ တည်ဆောက်ဆဲ ဒီမိုကရေစီကိုရှင်သန် ဖွံ့ဖြိုးခိုင်မြဲအောင် ရေလောင်းပေါင်းသင်ပေး ခြင်းလည်း ဖြစ်သည်။
ဒီမိုကရေစီကို ပြန်လည်တည်ဆောက်ယူ ရသည့် နိုင်ငံများ၌ စစ်ဘက်သည် တစ်ချိန်တစ်ခါ ကာလတစ်ခုက ဥယျာဉ်ပိုင်ရှင်ဖြစ်ခဲ့သည်မှန် သော်လည်း ဒီမိုကရေစီကို ပြန်လည်တည် ဆောက်နေချိန်၌မူ ရေလောင်းပေါင်းသင် ဥယျာဉ်မှူးသာ ဖြစ်တော့သည်။ အရပ်ဘက်သည် ဥယျာဉ် ပိုင်ရှင်ဖြစ်သွားသည်။ ဥယျာဉ်ပိုင်ရှင်သည် ဥယျာဉ်ကြီးထဲမှ ပန်းပေါင်းမျိုးစုံ ရှင်သန်ပွင့်ဖူးဝေဆာနိုင်စေရေးအတွက် ရေလောင်းပေါင်းသင် ဥယျာဉ်မှူးကောင်း လိုအပ်သည်။ အရပ်ဘက် ဥယျာဉ်ပိုင်ရှင်၏ယင်းလိုအပ်ချက်ကို ဖြည့်ဆည်း ပေးခြင်း၊ ကူညီပေးခြင်းသည် ဥယျာဉ်မှူး ကောင်း၏တာဝန်ဖြစ်သည်။ ဥယျာဉ်မှူးကောင်း ၏တာဝန်ကျေပွန်မှုသည် ဥယျာဉ်ပိုင်ရှင်နှင့် ဥယျာဉ်မှူးအကြား ကောင်းမွန်သောဆက်ဆံရေး များကို ဖြစ်ထွန်းစေသည်။
အရပ်ဘက်နှင့်စစ်ဘက်ကြား ဆက်ဆံရေး ကောင်းဟူသည် ဤဥပမာအတိုင်းပင် ဖြစ်သည်။ ဥယျာဉ်မှူးသည် တစ်ချိန်က ဥယျာဉ်ပိုင်ရှင်ဖြစ် ခဲ့သည့် ရွှေထီးဆောင်းဘဝအဖြစ်နှင့် ဥယျာဉ် ကြီးအပေါ် စိတ်ပူပင်စိုးထင့်နေမည့်အစား ဥယျာဉ်မှူးအဖြစ် ကျေပွန်ရမည့်တာဝန်များကို ဥယျာဉ်ပိုင်ရှင်ဘဝက ဖြစ်တည်ခဲ့သည့် ခံစား သိမြင်မှုများဖြင့် "စရနယ်"ပြီး ဥယျာဉ်ကြီးကို ကူညီထိန်းသိမ်းစောင့်ရှောက်ပေးခြင်းကသာ ပို၍လက်တွေ့ဆန်သည်။ လက်တွေ့ကျသည်။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ရည်ရွယ် ရင်း မျှော်လင့်ချက်သည် ဥယျာဉ်ပိုင်ရှင်ဘဝမှ ဥယျာဉ်မှူးဖြစ်လာခဲ့သည့် စစ်ဘက်၏ ဥယျာဉ် မှူးတာဝန်များကို ရှေးရှုရည်ရွယ်ပုံရသည်ဟု အကောင်းဆုံးအမြင်တစ်ခုအဖြစ် မြင်တွေးနိုင်စရာ ရှိသည်။ သို့သော်လည်း ယင်းရည်ရွယ်ရင်းများကို တစ်ဖက်က စိုးရိမ်စိတ်များ ခြံရံကဲလွန်၍ ရေးသားပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်သောကြောင့် ဥယျာဉ်ပိုင်ရှင် အရပ်ဘက်မှာ ပိုင်ရှင်အမည်ခံ ဘဝသက်သက်မျှသာ ဖြစ်ခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့်ပညာရှင်ဟန်တင်ဟန်၏ စစ်ဘက် အပေါ် အရပ်ဘက်ကွပ်ကဲနိုင်မှု ဥပဒေသ ငါးချက်မှ မြန်မာနိုင်ငံအတွက် အနီးစပ်ဆုံးနှင့် အဖြစ်နိုင်ဆုံးကွပ်ကဲနိုင်ခွင့် ဥပဒေသဖြစ်သည့် "ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စီမံသော အရပ် ဘက်ကွပ်ကဲမှု (Civilian Control by Constitution) "မှာ အလုပ်မဖြစ်နိုင်ဖြစ်နေခြင်း ဖြစ်သည်။ "ပီပီသသ အထင်အရှားရှိနေသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်စီမံသော အရပ် ဘက်ကွပ်ကဲမှုသာရှိရာ ပကတိဘာဝ အရပ် ဘက်ကွပ်ကဲမှုဖြစ်ဖို့ဆိုလျှင် ၂၀ဝ၈ အခြေခံ ဥပဒေဘောင်အတွင်းမှသာ လှုပ်ရှားဖို့ လိုလိမ့် မည်ဟု တွေးမိသည်။"ဟု ဆရာကျော်ဝင်းက သုံးသပ်ခဲ့သော်လည်း အခြေခံဥပဒေဘောင်မှာ ဝါးလုံးခေါင်းထဲ ဆင်တိုးရသည့်ဘောင်ကျဉ်းကျဉ်း လေးဖြစ်နေသည်ကိုမူ အားလုံးမျက်မြင်အသိပင် ဖြစ်သည်။ (၄)
စစ်စစ်အားဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် အရပ်ဘက်က စစ်ဘက်ကို ကွပ်ကဲနိုင် ရေးဆိုသည်မှာ စိတ်ကူးယဉ်အိပ်မက်ထဲ၌ အိပ်မက်တစ်ဆင့် ထပ်မက်နေရခြင်းမျိုးသာ ဖြစ်သည်။ ယင်းဥပဒေကပင် အရပ်ဘက်နှင့် စစ်ဘက်ကြား အရပ်ဘက်က စစ်ဘက်ကို ထိန်း ချုပ်ကွပ်ကဲနိုင်ရေးအဆင့်မှာ တစ်ကွက်ကျော် အဆင့်အဖြစ် အလိုလိုသတ်မှတ်ထားပြီး ဖြစ် နေသည်ကို တွေ့ရမည်။ ယင်းအဆင့်မတိုင်မီ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်စိတ်ချ ယုံကြည်မှု၊ အပြန်အလှန်ချစ်ခင်ရင်းနှီးမှု စသည့် ဆက်ဆံရေးကောင်း အခြေခံမူဘောင် များကို ဦးစွာတည်ဆောက်ယူရန် လိုအပ်ကြောင်း ယင်းဥပဒေကြီးကပင် ဆက်ဆံရေးမူများ ချခင်း ပေးထားသည်။
အကြောင်းမှာ အရပ်ဘက်-စစ်ဘက်ဆက်ဆံ ရေးပညာရှင်များက လက်တွေ့သုတေသနအချက် များဖြင့် သီအိုရီများနှင့် လမ်းညွှန်ဥပဒေသများကို အာပေါက်မတတ် မည်သို့ပင် ဆိုထားစေကာမူ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာ့ဒီမို ကရေစီခရီးလမ်း၌ အရပ်ဘက်နှင့်စစ်ဘက်ကို ကွပ်ကဲမှု (Control)အဖြစ် သွားခိုင်းခြင်းမဟုတ်ဘဲ ပခုံးတူ၊ ခြေလှမ်းတူခရီးဖော် (Partner)အဖြစ် သွားစေရန် စီမံပေးထားသော လမ်းညွှန်မြေပုံကြီး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံအနေ အထား အတိမ်အနက်၊ အနီးအဝေးကို သုံးသပ် ရန် ချဉ်းကပ်တော့မည်ဆိုလျှင် မြင်ထောင့် ငါးမျိုးအပေါ် အခြေတည်၍ သုံးသပ်ရကြောင်း အစပိုင်း၌ ဖော်ပြခဲ့ပြီးဖြစ်သည်။ ယင်းတို့တွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရပ်ဘက်၏ စစ်ဘက်အပေါ် ထိန်းချုပ်ကွပ်ကဲနိုင်မှု (Civilian control of the military) မရှိသေးသည်မှာ အထူးပြောစရာမလိုတော့ပြီ။ ယင်းမြင်ထောင့်ဖြင့် သုံးသပ်မည်ဆိုလျှင် ဆက်ဆံရေးကောင်းရရှိရန် အထူးကြိုးစားရဦးမည်ဟူသော အဖြေထွက် သည်။ စစ်ဘက်ဆိုင်ရာ ပရော်ဖက်ရှင်နယ်ဖြစ်မှု (Military professionalism)သည် အရပ် ဘက်-စစ်ဘက် ဆက်ဆံရေးကောင်း၏ အလိုအပ် ဆုံးသော ပဓာနအချက်ဖြစ်သည်။ သို့သော် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကပင် စစ်ဘက်၏ပရော်ဖက်ရှင်နယ် ကျနိုင်မှုများကို ကန့်သတ် ထားပြီး စတန်းဒတ်စစ်ဘက်အဖြစ်သာ ရပ်တည် စေနေသည်ကို တွေ့ရမည်ဖြစ်သည်။
အရပ်ဘက်-စစ်ဘက်လုပ်ငန်းဆောင်ရွက် မှုများ (Civl-military operations) ရှုထောင့် အရ ကြည့်လျှင်မူ အချင်းချင်းပူးပေါင်းဆောင် ရွက်မှုများ ရှိသည်ဟု ထင်မြင်စရာရှိသော်လည်း ပူးပေါင်းမှုမှ လက်တွဲမှုအဆင့်များသို့ မရောက် နိုင်သေးသည်ကို နှိုက်ကြည့်လျှင် တွေ့ရမည်ဖြစ် သည်။ ယင်းတို့မှာ အခြားအခြင်းအရာများကြောင့် မဟုတ်ပေ။ စစ်ဘက်သည် အင်စတီကျူးရှင်း (Military institution) အဖြစ် ခိုင်မာတောင့် တင်းပြီးသားဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ စစ်ဘက်၏အနေအထား ထုထည်ခိုင်မာတောင့် တင်းမှုသည် အရပ်ဘက်နှင့်ဆက်ဆံရေး တည် ဆောက်ရာ၌ ခေါင်းတစ်လုံးမက မြင့်မားစေနေ သည်ကို လက်မခံချင်လည်း လက်ခံရပေလိမ့်မည်။ (၅)
စစ်ဘက်အပေါ် အကဲခတ်ရှုမြင်ရန် ကျန်နေ သေးသည့် အချက်တစ်ချက်မှာ စစ်ပွဲ (တမေ) ဖြစ်သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးက တည်းက ဖြစ်ပွားခဲ့သော ပြည်တွင်း လက်နက်ကိုင် တိုက်ပွဲများသည် ယနေ့တိုင် ပြီးဆုံးနိုင်ခြင်းမရှိ သေးပေ။ ယင်းပြည်တွင်းတိုက်ပွဲများသည် စစ်တပ်၏ သြဇာနယ်ပယ်ကို ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများ၌သာမက နိုင်ငံရေးကဏ္ဍ၌ပါ ကြီးမားကျယ်ပြန့်စေခဲ့သည်။
ပြည်တွင်းလက်နက်ကိုင်တိုက်ပွဲများနှင့်ပတ်သက်ပြီး တပ်မတော်၏ လက်ခံထားမှုမှာလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံŠ(၂၁)ရာစုပင်လုံ တတိယအစည်း အဝေး ဖွင့်ပွဲအခမ်းအနား၌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းလှိုင်အောင်က "ပထမဦးစွာ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပွား ခဲ့ရတဲ့၊ ဖြစ်ပွားနေဆဲဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားရခြင်းရဲ့ မူလအရင်းခံဇာစ် မြစ်ကိုလေ့လာကြည့်ရင် ကိုလိုနီခေတ်ဗြိတိသျှ နယ်ချဲ့တို့ လက်ထက်ကတည်းက ကျင့်သုံးခဲ့တဲ့ သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့်နဲ့ နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေးကွဲပြား ခြားနားမှုတွေကြောင့်ဆိုတာ တွေ့ရမှာဖြစ်ပါ တယ်။ ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ တပ်မတော်ရဲ့ကြားမှာ ပြဿနာကြီးငယ်တစ်စုံတစ်ရာမရှိဘဲ သက် ဆိုင်ရာအစိုးရများနဲ့ လက်နက်ကိုင်အဖွဲ့ အစည်းများကြားမှာသာ မကျေနပ်ချက်တွေ၊ တောင်းဆိုချက်တွေရှိကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်"ဟု ပြောဆိုခဲ့သည်ကို တွေ့ရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ် မတော်၏ဆောင်ရွက်ချက်များသည် အစိုးရ၏အုပ်ချုပ်ရေးယန္တရားကို အကာအကွယ်ပေးခြင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများအား အကာအကွယ်ပေးသည့် ဆောင်ရွက်ချက်များသာ ဖြစ်သည်ဟုလည်း ယင်းမိန့်ခွန်း၌ဆက်လက်ပြောဆိုခဲ့သည်။ ယင်း၏ ဆိုလိုရင်းမှာ ပြည်တွင်းလက်နက်ကိုင် တိုက်ပွဲများ သည် တပ်မတော်နှင့် ပြဿနာကြောင့် ဖြစ်နေရ ခြင်းမဟုတ်ဘဲ အစိုးရနှင့်တိုင်းရင်းသား လက်နက် ကိုင်များအကြား၌ ရှိနေသောပြဿနာများကြောင့် သာ ဖြစ်နေရခြင်းဖြစ်သည်ဟု ဆိုလိုရင်းဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ်၏ ယင်းပြောဆိုမှုမှာ တပ်မတော်သည် ဝန်ထမ်းသဘောအရ တိုက်ပွဲ များတွင်ဝင်ပါနေရသည့်သဘောသာဖြစ်သည်ဟု ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းအုပ်ချုပ်မှု ဒါရိုက် တာ ဦးမြတ်ကိုကိုက သုံးသပ်ခဲ့သည်။ ဦးမြတ် ကိုကိုက "ဒါဆိုရင် သူပြောစရာရှိတာပြောပြီး အစိုးရကို တာဝန်ပုံချသွားပြီ။ ဒါဆိုရင် အစိုးရက တပ်မတော်ကို အမိန့်ပေးမနေဘူးလို့ ယူဆရတယ်။ ငြိမ်းချမ်းရေးလိုချင်ရင် ဘယ်သူက အဓိကလဲ ဆိုတာ ပျောက်နေတယ်"ဟု ဆက်လက်သုံးသပ်ပြ ခဲ့သည်။ ယင်းအနေအထားသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို စိတ်ရှုပ်ထွေးစေပြီး ငြိမ်းချမ်းရေးချည်ငင်ကိုလည်း ပိုပြီးတော့ ရှည် လျားရှုပ်ထွေးစေသည်။
(၂၁) ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံကို ပင်မထားပြီး နိုင်ငံရေးဆွေးနွေး ပွဲများမှတစ်ဆင့် ငြိမ်းချမ်းရေးနှင့်နီးစပ်သည်ထက် နီးစပ်မှုများကို မျှော်လင့်ခဲ့ကြသော်လည်း လက် တွေ့တွင်မူ မျှော်လင့်သလောက် အရာမထင် သေးပေ။ ၂၀၂၀ ပြည့်နှစ်မတိုင်မီ ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူများ ချမှတ်နိုင်ရန် လိုအပ် သည့်အချိန်ဇယားနှင့် ဦးစားပေးလုပ်ငန်းစဉ်များ ဆွေးနွေးရန် မျှော်မှန်းထားခဲ့ကြသည့်တိုင် ၂၀၁၈ ခုနှစ် နိုဝင်ဘာအတွင်းက အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့က ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ယာယီရပ်ဆိုင်းခဲ့သဖြင့် ငြိမ်းချမ်းရေးမျှော်မှန်း ချက်များ လိပ်ခဲတည်းလည်း ဖြစ်ခဲ့ရသည်။
အခြားတစ်ဖက်တွင် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေများကလည်း မျက်ခြည် ပြတ်ခံ၍ မရသည့်အနေအထား ဖြစ်လာသည်။ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ အာဆာ၏ အန္တရာယ် များအပြင် အေအေအဖွဲ့၏ နယ်မြေတည်ဆောက်မှု များကြောင့် စစ်ဘက်(တပ်မတော်)၏ကဏ္ဍမှာ ပိုမိုအရေးပါလာသည်။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းမှုမရသေး သမျှကာလပတ်လုံး အရပ်ဘက်က စစ်ဘက် အပေါ် ဒီမိုကရေစီနည်းလမ်းတကျ ထိန်းချုပ် ကွပ်ကဲနိုင်ရေးမှာ အလှမ်းဝေးနေဦးမည်သာ ဖြစ်သည်။ ယင်းသို့အလှမ်းဝေးနေသေးသမျှ အမျိုးသားရင်ကြားစေ့ရေးမှာလည်း ဟမြဲဟနေ ဦးမည်သာဖြစ်သည်။ အမျိုးသားရင်ကြား စေ့ရေး ဟနေသမျှ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် ရေးသည်လည်း အကျပ်အတည်းတွေ့နေရဦး မည်သာဖြစ်သည်။ အပိုင်း(၄)ဆက်ပါဦးမည်"



















