အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲ၌ ယှဉ်ပြိုင်ရမည့် ဖိလစ်ပိုင်ကလပ် ဆဲရက်စ်နီဂရိုးစ်နှင့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း အဓိကဂိုးသမား သီဟစည်သူ ဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
အနားယူ
ရှမ်းယူနိုက်တက်အသင်း အဓိကဂိုးသမား သီဟစည်သူသည် ဇန်နဝါရီ ၁၉ရက်က ယှဉ်ပြိုင်ခဲ့သည့် ရတနာပုံအသင်းနှင့် လိဂ်ပွဲစဉ်တွင် လက်သူကြွယ်ဒဏ်ရာရရှိခဲ့ပြီး အနားယူလျက်ရှိနေသည်။ ထို့ကြောင့် ဆဲရက်စ်နီဂရိုးစ်နှင့်ပွဲစဉ်တွင် ဂိုးသမားနေရာ၌ အရန်ဂိုးသမားနှစ်ဦးဖြစ်သည့် မျိုးမင်းလတ်နှင့် ဘုန်းသစ္စာမင်းတို့နှစ်ဦးအနက် တစ်ဦးကို ပွဲထုတ်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
ဆဲရက်စ်နီဂရိုးစ်နှင့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ဂိုးသမားသီဟစည်သူပါဝင်နိုင်မည်မဟုတ်သကဲ့သို့ နောက်ခံဘယ်အစွန်ကစားသမား ဟိန်းသီဟဇော်မှာလည်း ဘယ်ဘက်ခြေမ ဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။
တန်ပြန်တိုက်စစ်
ဖိလစ်ပိုင်ကလပ် ဆဲရက်စ်နီဂရိုးစ်နှင့် ရှမ်းယူနိုက်တက်အသင်းပွဲစဉ်ကို ဖေဖော်ဝါရီ ၂၆ ရက် မြန်မာစံတော်ချိန် ညနေ ၅နာရီခွဲတွင် ဘာကိုလော့မြို့ရှိ ပါနက်ကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အိမ်ရှင်အသင်းကို တန်ပြန်တိုက်စစ်ဖြင့် ဂိုးသွင်းရန် ကြိုးစားမည်ဖြစ်ကြောင်း ရှမ်းယူနိုက်တက်နည်းပြချုပ် ဦးမင်းသူက ပွဲကြိုစကားပြောဆိုခဲ့သည်။
ကြိုးစား
“ဆဲရက်စ်နီဂရိုးစ်နဲ့ ရန်ကုန်အသင်း ကစားထားတဲ့ပွဲကို သေချာလေ့လာထားတယ်။ ဆဲရက်စ်အသင်းက အရည်အသွေးမြင့်၊ အတွေ့အကြုံရှိတဲ့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့အသင်းပါ။ ဂိုးမပေးရရေးကို အဓိကပြင်ဆင်မယ်။ တန်ပြန်တိုက်စစ်နဲ့ ဂိုးသွင်းနိုင်ဖို့ ကြိုးစားမယ်။ ပြိုင်ဘက်အသင်းက အသင်းကောင်းတစ်သင်းဖြစ်နေတဲ့အတွက် သတိထား ယှဉ်ပြိုင်ရမှာပါ။” ဟု ရှမ်းယူနိုက်တက်နည်းပြချုပ် ဦးမင်းသူက ပြောဆိုခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု(ဆ)တွင် ဖိလစ်ပိုင်ကလပ် ဆဲရက်စ်နီဂရိုးစ်၊ဗီယက်နမ်ကလပ် ဗန်ဒေါင်း၊ အင်ဒိုနီးရှားကလပ် ပါစီဂျာ ဂျာကာတာအသင်းတို့နှင့် အတူကျရောက်လျက်ရှိသည်။















