လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပါက နိုင်ငံရေးမှ တပ်မတော်ထွက်ခွာမည်

လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပါက နိုင်ငံရေးမှ တပ်မတော်ထွက်ခွာမည်

စစ်တိုင်းဒေသငါးခုတွင် အပစ်အခတ်ရပ်စဲရေးကြေညာပြီးသည့်နောက် နှစ်လအကြာ ငြိမ်းချမ်းရေးသည် အကောင်းဘက်သို့ဦးတည်နေပြီး ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပါက နိုင်ငံရေးမှ တပ်မတော်ထွက်ခွာသွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာကိစ္စများအတွက် တပ်မတော်ကပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုသည်။

ငြိမ်းချမ်းရေးအပေါ်မူတည်

တပ်မတော်၏တစ်ဖက်သတ်အပစ်အခတ် ရပ်စဲရေးကာလ သက်တမ်းတိုးခြင်းရှိမရှိသည် ငြိမ်းချမ်းရေးဖြစ်ပေါ်တိုးတက်မှုများ အပေါ်မူတည်ကြောင်းတပ်မတော်က အဆိုပါနေ့သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်း ရှင်းလင်းခဲ့သည်။

မေးခွန်းထုတ်မှုများရှိ

ထို့အပြင် နိုင်ငံရေး၌ တပ်မတော်သည် အဓိက အခန်းကဏ္ဍတွင်ပါဝင်နေမှုနှင့်ပတ်သက်ပြီး မေးခွန်းထုတ်မှုများရှိနေသည့်အပေါ် ဗိုလ်ချုပ်စိုးနိုင်ဦးက "တည်ငြိမ်အေးချမ်းမှု  ရှိဖို့အတွက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမရှိတော့မှ တည်ငြိမ်အေးချမ်းမှာ၊ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်နိုင်မှာ။ အဲဒီအချိန်မှာအားလုံး အေးချမ်းသွားပြီဆိုရင် နိုင်ငံရေးလမ်းကြောင်းကနေ ဆုတ်ခွာပါမယ်ဆိုတာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပြောထားတာလည်းရှိ ပါတယ်" ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

တပ်မတော်ထုတ်ပြန်

စစ်ရပ်စဲရေးကြေညာပြီး နှစ်လတာကာလအတွင်း စစ်တိုင်းဒေသငါးခု၌ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲဖြစ်ပွားမှု ခြောက်ကြိမ် ရှိခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု ၂၅ ကြိမ်ရှိကြောင်း၊   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက နယ်မြေကျော်လွန်လှုပ်ရှားမှု ၂၈၆ ကြိမ်၊ ဆက်ကြေး ကောက်ခံမှု ၂၂ ကြိမ်နှင့် လူသစ်စုဆောင်းမှု အကြိမ် ၃၀ ရှိကြောင်း တပ်မတော်ကထုတ်ပြန် ထားသည်။

သိသိသာသာ လျော့ကျ

"အပစ်ရပ်ကြေညာပြီး ပထမတစ်လနဲ့ နှိုင်းယှဉ်ကြည့်ရင် တချို့ကိစ္စတွေမှာ လျော့ နည်းသွားတာတွေ့ရပါတယ်။ တိုက်ပွဲဖြစ်ပွား မှုတွေတော့  သိသိသာသာလျော့ကျသွား တယ်။ ဒါကြောင့် အကောင်းဘက်ကို ရှေးရှု လာတယ်လို့ ကျွန်တော်တို့သုံးသပ်ပြောကြား လိုပါတယ်"ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောဆိုခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ အလယ်ပိုင်းတိုင်း  စစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိ ရက်ပေါင်း ၁၃၀ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲလိုက်ပြီး စစ်ရေးလှုပ် ရှားမှုများပြုလုပ်မည်မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။   



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး