ယူဂန္ဓာနိုင်ငံတကာ စီးရီးပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဖေဖော်ဝါရီ ၂၄ ရက်က အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲ၌ ဂျော်ဒန်ကစားသမား ဒိုမိုအမ်ရိုကို နှစ်ပွဲပြတ် ဖြင့်အနိုင်ယူပြီး ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။
နှစ်ပွဲပြတ်
အဆိုပါပြိုင်ပွဲတွင် သက်ထားသူဇာသည် ၃၂ ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင် ယူဂန္ဓာကြက်တောင်မယ် ဘရစ်ဂျက်ရှာမင် ဘန်ဂျီကို (၂၁-၈) (၂၁-၉) ဖြင့် နှစ်ပွဲပြတ်အနိုင် ရခဲ့သည်။ ၁၆ ဦးအဆင့်တွင်လည်း ယူဂန္ဓာ ကြက်တောင်မယ် ဘရန်ဒါမူဘာဂီကို (၂၁-၁) (၂၁-၇)ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ကာ ကွာတား ဖိုင်နယ်သို့တက်လှမ်းနိုင်ခဲ့သည်။
ကွာတားဖိုင်နယ်တွင် ဇမ်ဘီယာကစား သမား အိုဂါဆီရမ်မူပန်ဂီလာကို (၂၁-၉) (၂၁-၁၃) ဖြင့် နှစ်ပွဲပြတ်အနိုင်ယူပြီး ဆီမီးဖိုင် နယ်တက်လှမ်းခဲ့သည်။ ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့် ၂၁၆ ရှိသည့် အီရန်ကြက်တောင် မယ် ဆာမင်နှင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ (၂၁- ၁၂) (၂၁-၁၅) ဖြင့် နှစ်ပွဲပြတ်အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။
ရွှေတံဆိပ်ဆွတ်ခူး
ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့် (၁၈၁) ရှိ သက်ထားသူဇာသည် ကမ္ဘာ့အဆင့်(၁၈၅) ရှိ ဂျော်ဒန်နိုင်ငံသူ ဒိုမိုအမ်ရိုနှင့် ယှဉ်ပြိုင်ခဲ့ရာ (၂၁-၁၄) (၂၁-၁၂) ဖြင့် နှစ်ပွဲပြတ်အနိုင်ယူပြီး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူး နိုင်ခဲ့သည်။ သက်ထားသူဇာသည် ပြီးခဲ့သည့် နှစ်က အီဂျစ်နိုင်ငံတကာစီးရီးကြက်တောင် ရိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့ပြီး နီပေါနိုင်ငံ တကာစီးရီးပြိုင်ပွဲတွင်လည်း ဒုတိယဆုရရှိ ခဲ့သည်။ ၎င်းသည် ယူဂန္ဓာနိုင်ငံမှတစ်ဆင့် ကင်ညာနိုင်ငံသို့ထွက်ခွာကာ နိုင်ငံတကာပြိုင်ပွဲ ထပ်မံယှဉ်ပြိုင်ဦးမည်ဖြစ်သည်။















