အာရှချန်ပီယံလိဂ်အတွေ့အကြုံ အထောက်အပံ့ဖြစ်စေဟု ရန်ကုန်ဆို ပရိသတ်များ လာရောက်အားပေးကြရန် တန်ပနီစ်ရိုဗာနည်းပြ တိုက်တွန်း

အာရှချန်ပီယံလိဂ်အတွေ့အကြုံ အထောက်အပံ့ဖြစ်စေဟု ရန်ကုန်ဆို ပရိသတ်များ လာရောက်အားပေးကြရန် တန်ပနီစ်ရိုဗာနည်းပြ တိုက်တွန်း

အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ ယှဉ်ပြိုင်ခဲ့ သည့်အတွေ့အကြုံများက အေအက်ဖ်စီပြိုင်ပွဲ အတွက် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည် ထားကြောင်း ရန်ကုန်ယူနိုက်တက်နည်းပြချုပ် ဦးမျိုးမင်းထွန်းက စင်ကာပူကလပ်တန်ပနီစ် ရိုဗာအသင်းနှင့် မယှဉ်ပြိုင်မီ ပွဲကြိုစကား ဆိုခဲ့သည်။

ကျင်းပ

ရန်ကုန်ယူနိုက်တက်နှင့် တန်ပနီစ်ရိုဗာ အသင်းတို့သည် အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စု(စ)အဖွင့်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်(ယနေ့) ညနေ ၃ နာရီခွဲတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါပွဲစဉ်နှင့် ပတ်သက်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက သုဝဏ္ဏ ကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပ ခဲ့သည်။

"ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့အသင်းအုပ်စု ဗိုလ်နဲ့ ဇုန်ဆီမီးဖိုင်နယ်အထိ တက်ရောက် နိုင်ခဲ့တယ်။ ဒီနှစ်မှာလည်း ပုံစံကောင်းဆက် ထိန်းနိုင်ဖို့အတွက် စီနီယာ၊ ဂျူနီယာနဲ့ ပြည်ပ ကစားသမားတွေ စုပေါင်းပြီး အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ အာရှချန်ပီယံလိဂ်ခြေစစ် ပွဲကစားခဲ့ရတဲ့ အတွေ့ကြုံကလည်း ဒီပြိုင်ပွဲ အပေါ် အထောက်အကူပြုမှာပါ"ဟု ပြောဆို ခဲ့သည်။ ထို့အပြင် အုပ်စုတွင်းအသင်းများ၏ ခြေစွမ်းကိုလေ့လာထားကြောင်းနှင့် အတောင့် တင်းဆုံးမှာ ဗီယက်နမ်ကလပ် ဟနွိုင်းအက်ဖ်စီ အသင်းဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

တိုက်တွန်း

စင်ကာပူကလပ် တန်ပနီစ်ရိုဗာအသင်း နည်းပြခါဒါရာဟာရာက ယနေ့ယှဉ်ပြိုင်ကစား မည့် ရန်ကုန်ယူနိုက်တက်အသင်းပွဲစဉ်ကို ပရိ သတ်အများအပြား လာရောက်အားပေးစေလို ကြောင်းတိုက်တွန်းခဲ့သည်။ "ပထမဆုံးအဝေး ကွင်းပွဲမှာ ရလဒ်ကောင်းရဖို့ အကောင်းဆုံး ပြင်ဆင်လာခဲ့ပါတယ်။ ကစားသမားကောင်း တွေကိုလည်း ခေါ်လာခဲ့တယ်။ အဝေးကွင်း ဖြစ်တဲ့အတွက် ဖိအားမရှိပါဘူး။ ဒီပွဲစဉ်ကို ရန်ကုန်ယူနိုက်တက်ပရိသတ်တွေ အများအပြား လာရောက်အားပေးစေလိုပါတယ်။ ဒါက ရန်ကုန်အသင်းကို အားပေးရုံတင်မဟုတ်ဘဲ အေအက်ဖ်စီပြိုင်ပွဲကိုပါ အားပေးရာရောက် ပါတယ်"ဟု ပွဲကြိုစကားဆိုခဲ့သည်။

ယှဉ်ပြိုင်

ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စု တွင်း၌ ဗီယက်နမ်ကလပ် ဟနွိုင်းအက်ဖ်စီ၊ စင်ကာပူကလပ် တန်ပနီစ်ရိုဗာ၊ ကမ္ဘောဒီးယား ကလပ် နာဂါဝေါလ်အက်ဖ်စီအသင်းတို့နှင့် အတူကျရောက်လျက်ရှိသည်။ ရန်ကုန်ယူနိုက် တက်နည်းတူ အေအက်ဖ်စီပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရထားသည့် ရှမ်းယူနိုက်တက်အသင်းမှာ အုပ်စု(ဆ)တွင် ကျရောက်နေပြီး အဖွင့်ပွဲစဉ် အဖြစ် ယနေ့ညနေ ၆ နာရီတွင် အဝေးကွင်း၌ ဖိလစ်ပိုင်ကလပ် ဆဲရက်စ်နီဂရိုးစ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး