အမေရိကန်နှင့် စီးပွားတင်းမာမှု လျှော့ချနိုင်ရေး တရုတ် စီးပွားဥပဒေများပြောင်းလဲရန် ချိန်ဆနေ

အမေရိကန်နှင့် စီးပွားတင်းမာမှု လျှော့ချနိုင်ရေး တရုတ် စီးပွားဥပဒေများပြောင်းလဲရန် ချိန်ဆနေ

ပြည်ပကုမ္ပဏီများအား ဖိအားပေးကာ နည်းပညာမူပိုင်ခွင့်များ ရယူနေမှုမျိုး အဆုံးသတ်ရေးဥပဒေကို တရုတ် ကွန်မြူနစ်ပါတီဝင်များက မဲပေးအတည်ပြုရန် ရှိနေသည်။

တရုတ်အစိုးရသည်မတ် ၅ ရက်မှစတင်ကာ ပြည်သူ့ညီလာခံကျင်းပမည်ဖြစ်ရာ အမေရိကန်နှင့် စီးပွားစစ်ပွဲဖြစ်ပွားနေမှု အရှိန်လျှော့ချရေးကို အဓိကခေါင်းစဉ်အဖြစ် ဆွေးနွေးသွားရန်ရှိသည်။

နိုင်ငံတစ်ဝန်းမှ ကိုယ်စားလှယ် သုံးထောင်ကျော်သည် ပေကျင်းမြို့ ဂရိတ်ဟောတွင် သီတင်းနှစ်ပတ်ကျော် စုဝေးကာဥပဒေများဆွေးနွေး၊ အတည်ပြု၊ မူဝါဒလမ်းစဉ်သစ်များ ဖော်ဆောင်ကြမည်ဖြစ်သည်။

တရုတ်စီးပွားဥပဒေများသည် နိုင်ငံခြားကုမ္ပဏီများကို ဖိအားပေးကာ နည်းပညာမူပိုင်ခွင့်များ လက်ဝါးကြီးအုပ် ရယူနေသည်ဟု အမေရိကန်၊ ဥရောပနှင့် ပြည်ပနိုင်ငံအများအပြားက စွပ်စွဲနေမှုကို ဖြေရှင်းရေး ဥပဒေအပြောင်းအလဲများလည်း ဖော်ဆောင်ရန်ရှိနေသည်။

တရုတ်အစိုးရသည် အမေရိကန်ကုမ္ပဏီများ၏ နည်းပညာမူပိုင်ခွင့်များကို မလိမ့်တစ်ပတ် ရယူခဲ့ကြောင်း သမ္မတဒေါ်နယ်ထရမ့်က စွပ်စွဲထားပြီး၊ ပြီးခဲ့သည့်နှစ် ဇူလိုင်မှစတင်ကာ တရုတ်ကုန်စည် ဒေါ်လာ ၂၅၀ ဘီလျံဖိုးအပေါ် အခွန်  ၁၀ရာခိုင်နှုန်းမှ   ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံခဲ့သည်။

ပြီးခဲ့သည့်နှစ် တရုတ်စီးပွားသည် ၆ ဒသမ ၆ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး ဆယ်စုနှစ် သုံးခုအတွင်း အနိမ့်ဆုံးတိုးနှုန်းလည်းဖြစ်ရာ တရုတ်အစိုးရသည် စီးပွားအဟုန် ပြန်မြှင့်တင်နိုင်ရေးအတွက် အမေရိကန်နှင့် စီးပွားစစ်ဖြစ်ပွားနေခြင်းကို အရှိန်လျှော့လိုနေသည်။

ပြည်တွင်းစီးပွားအရှိန် မြှင့်တင်နိုင်ရေးအတွက်လည်း တရုတ်အစိုးရသည် နိုင်ငံပိုင် စီးပွားလုပ်ငန်းကြီးများ လက်ဝါးကြီးအုပ်ထားခြင်းကို လျှော့ချကာ စွန့်ဦးတီထွင် လုပ်ငန်းများကိုအားပေးမည့် မူဝါဒသစ်များ ချမှတ်ကျင့်သုံးလာလိမ့်မည်ဟု လုပ်ငန်းများက မျှော်လင့်လျက်ရှိသည်။

မတ် ၅  ရက်ဖွင့်ပွဲတွင် ဝန်ကြီးချုပ် လီကီချန်းဦးဆောင်ကာ အစိုးရလုပ်ငန်းစဉ်   အစီရင်ခံစာဖတ်ကြားမည်ဖြစ်သည်။