အီတလီရှိ လူပြိန်းကြိုက်အစိုးရ၏ လူမျိုးရေးခွဲခြားမှုမူဝါဒများကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် နိုင်ငံမြောက်ပိုင်း မီလန်မြို့၌ မတ် ၂ ရက်တွင် လူထောင်ပေါင်းများစွာသည် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
လမ်ဘာဒီနယ် မီလန်မြို့၌ လူ ၂၀ဝ၀ဝ၀ ခန့် ချီတက်ခဲ့ကြကြောင်း စီစဉ်သူများကပြောဆိုခဲ့သည်။
လမ်ဘာဒီနယ်သည် လူကြိုက်များသော အဖွဲ့ချုပ်ပါတီအစိုးရအပေါ် ထောက်ခံသူအများအပြားရှိသော ဒေသဖြစ်သည်။
အစိုးရသည် အကြောက်တရားနှင့် အမုန်းတရားများကို ဖြန့်ချိနေကြောင်း လှုပ်ရှားသူများကပြောဆိုခဲ့သည်။
အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကြောင့် အီတလီ၌ ပိုမိုလုံခြုံမှုရှိတော့မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်ဖြစ်သလို အဖွဲ့ချုပ်ပါတီခေါင်းဆောင် မက်တီယို ဆယ်လ်ဗီနီကပြောဆိုခဲ့သည်။
ရွှေ့ပြောင်းများကို မိခင်နိုင်ငံသို့ပြန်ပို့ပြီး ရွှေ့ပြောင်းများ ရာဇဝတ်မှုများကျူးလွန်ပါက နိုင်ငံသားဖြစ်ခွင့်ရုပ်သိ်မ်းရန် ပိုမိုလွယ်ကူမည့် အမိန့်ဒီဂရီတစ်ရပ်ကို အစိုးရက စက်တင်ဘာတွင်ထုတ်ပြန်ခဲ့သည်။
လက်ရှိအုပ်ချုပ်နေသည့် ညွန့်ပေါင်းအစိုးရလက်ထက်တွင် အာဏာပိ်ုင်များသည် မြေထဲပင်လယ်ကိုဖြတ်သန်းပြီးလာရောက်သည့် ရွှေ့ပြောင်းများလိုက်ပါလာသော စက်လှေများကို ဆိပ်ကမ်းဆိုက်ကပ်ခွင့်မပေးခဲ့ချေ။
ထို့ပြင် ရွှေ့ပြောင်းများကိုကယ်တင်လာသည့် နိ်ုင်ငံတကာပရဟိတအဖွဲ့များမှ သင်္ဘောများကိုလည်း ဆိပ်ကမ်းကပ်ခွင့်မပေးခဲ့ချေ။
ဆန္ဒပြသူများသည် လူသားပထမဆိုသည့် ဆောင်ပုဒ်ဖြင့် ချီတက်ခဲ့ကြခြင်းဖြစ်သည်။ ကွဲပြားမှုသည်သာ ယဉ်ကျေးမှုရတနာဖြစ်ကြောင်း စီစဉ်သူများကပြောဆိုခဲ့သည်။ အီတလီနှင့် ဥရောပသည် မူဝါဒများကိုပြောင်းလဲရန် လိုအပ်ပြီး အကူအညီလိုအပ်နေသူများကို လူသားအဖြစ်မြင်ရန်လိုအပ်နေကြောင်း ဆန္ဒပြသူတစ်ဦးကပြောဆိုခဲ့သည်။
ရွှေ့ပြောင်းများကို ကြိုဆိုခြင်းသည် လှပသော လုပ်ရပ်ဖြစ်ပြီး ကွဲပြားစုံလင်မှုသည် ကြွယ်ဝခြင်းသာဖြစ်ကြောင်း ယခုချီတက်မှုကပြသနေသည်ဟု ဆန္ဒပြမှုတွင်ပါဝင်ခဲ့သည့် အမျိုးသမီးတစ်ဦးကပြောဆိုခဲ့သည်။
မီလန်မြို့တော်ဝန် ဘက်ပဲ ဆာလာက ယခုဆန္ဒပြမှုများသည် ခေတ်သစ်စတင်မှုဖြစ်ကြောင်း ပြောဆိုခဲ့သည်။

















