အိုင်အက်စ်အကြမ်းဖက်အဖွဲ့၏ ငါးနှစ်ခန့် ချုပ်နှောင်ခြင်းခံခဲ့ရသည့် ယာဇီဒီမျိုးနွယ်စုမှ အမျိုးသမီးများနှင့် ကလေးများပါဝင်သည့် အုပ်စုတစ်စုသည် မတ် ၂ ရက်တွင် မိဘဆွေမျိုးများနှင့် ပြန်လည်ဆုံဆည်းခွင့်ရရှိခဲ့ပြီဖြစ်သည်။
အိုင်အက်စ်လက်မှ လွတ်မြောက်လာသူများနှင့် မိဘဆွေမျိုးများသည် ဆင်ဂျာနှင့် ဒိုဟတ်ကြားရှိ လမ်းမကြီးတစ်ခုတွင် တွေ့ဆုံခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
အသက် ၁၀ နှစ်မှ ၁၅ နှစ်ကြားအရွယ်ရှိ ကလေး ၁၈ ဦးသည် ပင်ပန်းနွမ်းနွယ်နေပုံရပြီး မီဒီယာများ၏အာရုံစိုက်များကြောင့် စိတ်မသက်မသာရဖြစ်နေပုံရသည်။
ကလေးငယ်များကို မိဘအနည်းငယ်ကသာ လာရောက်တွေ့ဆုံနိုင်ခဲ့သည်။မိဘအများစုသည် အိုင်အက်စ်၏ဖမ်းဆီးမှုကြောင့် ပျောက်ဆုံးနေဆဲဖြစ်သလို တချို့သည်လည်း သေဆုံးပြီဟု အတည်ပြုထားသည်။
တချို့မိဘများသည်လည်း သားသမီးများက ၎င်းတို့နောက်ကိုလိုက်လာမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် အနောက်နိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံနေကြပြီဖြစ်သည်။
အိုင်အက်စ်က ကလေးစစ်သားအဖြစ် ခိုင်းစေရန် စစ်သင်တန်းပေးခြင်းခံခဲ့ရသည်ဟု မှတ်ယူခံထားရသည့် ကလေး ၁၁ ဦးလည်းပါဝင်သည်။
အိုင်အက်စ်၏စစ်သင်တန်းပေးခြင်းမခံခဲ့ရကြောင်း ယင်းကလေးများက ငြင်းဆိုထားသည်။ အိုင်အက်စ်က ၎င်းတို့ကို ကောင်းမွန်စွာဆက်ဆံခဲ့ကြောင်း အသက် ၁၃ နှစ်အရွယ် မီလတတ် ဟူစိန် ခါလက်ဖ်ကပြောဆိုခဲ့သည်။
စစ်သွေးကြွများသည် ၎င်းကို ၂၀၁၄ ခုနှစ်တွင် ပြန်ပေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်က ရှစ်နှစ်သာရှိသေးသည့် ၎င်းကို အိ်ုင်အက်စ်မိသားစုတစ်စုက သားသမီးကဲ့သို့ ပြုစုပျိုးထောင်ခဲ့ကြောင်း ခါလက်ဖ်ကပြောဆိုခဲ့သည်။
၂၀၁၄ ခုနှစ်တွင် အီရန်နိုင်ငံ အနောက်မြောက်ပိုင်း ဆင်ဂျာဒေသရှိ ယာဇီဒီများ၏နေရပ်ကို အိုင်အက်စ်စစ်သွေးကြွများ ဝင်ရောက်စီးနင်းခဲ့သည်။ အိုင်အက်စ်၏စီးနင်းမှုကြောင့် ယာဇီဒီ ၃၀ဝ၀ ခန့်ပျောက်ဆုံးနေဆဲဖြစ်သည်။
အိုင်အက်စ်အဖွဲ့သည် ၎င်းတို့က မယုံကြည်သူများအဖြစ် မှတ်ယူထားသည့် ယာဒီဇီထောင်ပေါင်းများစွာကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကိုလိင်ပိုင်းအနိုင်ကျင့်ခြင်း၊ လိ်င်ကျွန်များအဖြစ် အသုံးပြုခြင်း အစရှိသည်တို့ကို ပြုလုပ်ခဲ့သည်။

















