သရုပ်ဆောင် ဂျွန်နီဒပ် ဇနီးဟောင်းကို အသရေဖျက်မှုဖြင့် တရားစွဲဆို

သရုပ်ဆောင် ဂျွန်နီဒပ် ဇနီးဟောင်းကို အသရေဖျက်မှုဖြင့် တရားစွဲဆို

သရုပ်ဆောင် ဂျွန်နီဒပ်သည် ဇနီးဟောင်း သရုပ်ဆောင် အမ်ဘာ ဟာ့ဒ်အား အသရေဖျက်မှုဖြင့် တရားစွဲဆိုလိုက်ပြီဖြစ်သည်။

အိမ်တွင်းအကြမ်းဖက်မှုကို ဖွင့်ပြောခဲ့သည့်အတွက် ဝေဖန်မှုများနှင့်ကြုံခဲ့ရကြောင်း ဟာ့ဒ်က ဒီဇင်ဘာတွင် ဝါရှင်တန်ပို့စ်၌ ဆောင်းပါးတစ်စောင်ရေးသားခဲ့သည်။

၎င်းသည် ဟာ့ဒ်ကို မည်သည့်အခါကမျှ အနိုင်ကျင့်ခြင်းမရှိခဲ့ဘဲ ဟာ့ဒ်သည် ၎င်း၏ အလုပ်အကိုင်တိုးတက်စေရန် လီဆည်ပြောဆိုခြင်းသာဖြစ်ကြောင်း ဒပ်ကပြောဆိုခဲ့သည်။

နစ်နာကြေးအဖြစ် ဒပ်က ဒေါ်လာ သန်း ၅၀ တောင်းဆိုထားသည်။ ဒပ်သည် အိမ်တွင်း အကြမ်းဖက်မှုကျူးလွန်နေကြောင်း ဟာ့ဒ်က လက်ထပ်ပြီး တစ်နှစ်အကြာ ၂၀၁၆ ခုနှစ် မေတွင် ဦးဆုံးစွပ်စွဲခဲ့သည်။

ဒပ်သည် ဟာ့ဒ်နှင့်ဝေးရာတွင် နေထိုင်ရမည်ဖြစ်ကြောင်း အာဏာပိုင်များက ယင်းအချိန်က ညွှန်ကြားခဲ့သည်။ ဒပ်နှင့် ဟာ့ဒ်တို့သည် ၂၀၁၇ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့သည်။

ဟာ့ဒ်သည် ဆောင်းပါးတွင် ဒပ်၏နာမည်ကို ဖော်ပြခြင်းမပြုခဲ့သော်လည်း အိမ်တွင်းအကြမ်းဖက်မှုကို ဆန့်ကျင်ခဲ့သည့်အတွက် ယဉ်ကျေးမှု၏အမျက်ရှခြင်းကိုခံခဲ့ရကြောင်း ရေးသားခဲ့သည်။

၎င်းသည် ရုပ်ရှင်တစ်ကားတွင် ပါဝင်သရုပ်ဆောင်ခွင့်ဆုံးရှုံးခဲ့ပြီး နာမည်ကျော်ဖက်ရှင်ဒီဇိုင်းလုပ်ငန်းတစ်ခုအတွက် ကြော်ငြာပေးရမည့် အခွင့်အရေးဆုံးရှုံးခဲ့ကာ အဖွဲ့အစည်းများက အနိုင်ကျင့်သည့် အမျိုးသားများကို ကာကွယ်ပေးနေကြောင်းကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရကြောင်း ဟာ့ဒ်က ရေးသားခဲ့သည်။

ဟာ့ဒ်သည်သာ အိမ်တွင်းအနိ်ုင်ကျင့်သူဖြစ်ကြောင်း ဒပ်၏ နစ်နာကြေးတောင်းဆိုမှုတွင်ဖော်ပြထားသည်။

ဟာ့ဒ်၏စွပ်စွဲမှုများကြောင့် ဒပ်သည်  The Pirates of the Caribbean ရုပ်ရှင်တွင် ဂျက်စပဲရိုးအဖြစ်ပါဝင်သရုပ်ဆောင်ခွင့်ကိုလက်လွှတ်ခဲ့ရကြောင်း တရားစွဲဆိုမှုတွင်ဖော်ပြထားသည်။

ဒပ်သည် ဇနီးဟောင်းနှုတ်ဆိတ်သွားစေရန် တရားစွဲဆိုခြင်းဖြစ်သော်လည်း ဟာ့ဒ်သည် နှုတ်ဆိတ်သွားမည်မဟုတ်ကြောင်း ဟာ့ဒ်၏ရှေ့နေ အဲရစ် ဂျော့ဂျ်ကပြောဆိုခဲ့သည်။