အမေရိကန်များ ပြည်ပ၌လာဘ်ပေးမှုကိုတိုက်ဖျက်ရန် အက်ဖ်ဘီအိုင်က အကျင့်ပျက်မှုနှိမ်နင်းရေး ဌာနသစ်ဖွဲ့

အမေရိကန်များ ပြည်ပ၌လာဘ်ပေးမှုကိုတိုက်ဖျက်ရန် အက်ဖ်ဘီအိုင်က အကျင့်ပျက်မှုနှိမ်နင်းရေး ဌာနသစ်ဖွဲ့

အမေရိကန်နိုင်ငံသားများ၊ လုပ်ငန်းများက ပြည်ပအစိုးရများအား လာဘ်ပေးခြင်းများကို ဖော်ထုတ်အရေးယူရန်  အက်ဖ်ဘီအိုင်သည် မီယာမီတွင်  ဌာနသစ်ကို တိုးချဲ့ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ဖလော်ရီဒါပြည်နယ် မီယာမီမြို့ရှိဌာနသစ်သည် တောင်အမေရိကတွင် အမေရိကန်နိုင်ငံနှင့် ဆက်စပ်သော လာဘ်ပေးလာဘ်ယူမှုများ၊ ငွေကြေးမသမာမှုများကို အဓိကဖော်ထုတ်သွားမည်ဖြစ်သလို၊ နိုင်ငံတကာနှင့် ဆက်စပ်နေသော အကျင့်ပျက်ခြစားမှုများကိုလည်း ကိုင်တွယ်သွားမည်ဖြစ်သည်။

အက်ဖ်ဘီအိုင်သည် ဝါရှင်တန်၊ နယူးယောက်၊ လော့စ်အိန်ဂျလိတို့တွင်လည်း အလားတူဌာနများဖွင့်လှစ်ထားပြီး ဖြစ်သည်။

မီယာမီဌာနသစ်သည် ပြည်ပအစိုးရအရာရှိများအား လာဘ်ပေးခြင်းကို အရေးယူမည့် ပြည်ပအကျင့်ပျက်ခြစားမှုဥပဒေကို ချိုးဖောက်သူများကိုအဓိကဖော်ထုတ်ရန် ရည်ရွယ်သည်။

ထို့ပြင် အမေရိကန်လုပ်ငန်းများအနေဖြင့် ပြည်ပအစိုးရများနှင့် ဆက်ဆံသည့်အခါ လာဘ်ပေးလာဘ်ယူကင်းရှင်းရေးပညာပေးရန်၊ လာဘ်ပေးသည့်ကိစ္စများရှိနေကြောင်း သံသယရှိပါက ကုမ္ပဏီအနေဖြင့် အက်ဖ်ဘီအိုင်ကိုမိမိတို့ဖာသာ  ကြိုတင်အသိပေးအကြောင်းကြားရန် ပညာပေးအစီအစဉ်များလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

သမ္မတဒေါ်နယ်ထရမ့်နှင့် ရုရှားအကြား ရွေးကောက်ပွဲကာလ ပတ်သက်ခဲ့မှုများကိုအက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးဟောင်း ရောဘတ်မူလာ ဦးဆောင်စစ်ဆေးမှုတွင်လည်း နိုင်ငံတကာ အကျင့်ပျက်ခြစားမှုများကို ဖော်ထုတ်နိုင်ခဲ့သည်ကို တွေ့ရသည်။

ထရမ့်၏ ရွေးကောက်ပွဲမန်နေဂျာဟောင်းပေါမာနာဖို့ဒ်သည် နိုင်ငံရေးအကြံပေးခရရှိသော ငွေအများအပြားကို ဝင်ငွေခွန်မဆောင်ဘဲ ပြည်ပဘဏ်များတွင် လျှို့ဝှက်အပ်နှံထားမှုများကို ဖော်ထုတ်နိုင်ခဲ့ရာ အမေရိကန်နိုင်ငံသားများ ပြည်ပတွင် ကျူးလွန်ထားသော ဘဏ္ဍာရေးမသမာမှုများကို အက်ဖ်ဘီအိုင်အနေဖြင့် ပို၍ အာရုံစိုက်နိုင်ရန်  ဌာနသစ်ကိုဖွဲ့စည်းလိုက်ခြင်းလည်း ဖြစ်သည်။