အာရှယူ-၂၃ချန်ပီယံရှစ်ခြေစစ်ပွဲအတွက် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည့် မြန်မာယူ-၂၂ ကစားသမားများ၏ စွမ်းဆောင်ရည်ကို သိရှိနိုင်ရန်အတွက် ဂျီပီအက်စ်များတပ်ဆင်ထားသည့် လေ့ကျင့်ရေးဝတ်စုံများကို အသုံးပြုလျက်ရှိသည်။
ပထမဆုံးအကြိမ်
အဆိုပါ လေ့ကျင့်ရေးဝတ်စုံများကို ပြည်ပနိုင်ငံ အတော်များများရှိ လက်ရွေးစင်ဘောလုံးအသင်းများတွင် ဝတ်ဆင် လေ့ကျင့် လျက်ရှိသော်လည်း မြန်မာနိုင်ငံ၌ ယူ-၂၂အသင်းမှာ ပထမဆုံးအကြိမ် ဝတ်ဆင်၍ လေ့ကျင့်ခြင်းဖြစ်သည်။
" လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ရှိလဲဆိုတာ သိချင်လို့ အခုလို ဂျီပီအက်စ် တပ်ဆင်ထားတဲ့ လေ့ကျင့်ရေးဝတ်စုံတွေနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေတာပါ။ ကျွန်တော်သိသလောက်ဆိုရင် ပြည်တွင်းမှာ ဂျီပီအက်စ်တပ်ပြီးလေ့ကျင့်တာ ယူ-၂၂အသင်းက ပထမဆုံးပါ။ အခုလို လေ့ကျင့်ခြင်းအားဖြင့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ရှိလဲ ဆိုတာသိရမယ့်အပြင် နာမည်ကြည့်ပြီး ရွေးချယ်တာတွေမဖြစ်အောင်လည်း တားဆီးစေပါတယ်" ဟု အသင်းလက်ထောက်နည်းပြ ဦးချစ်နိုင်က ပြောဆိုခဲ့သည်။
အထောက်အကူ
အဆိုပါဂျီပီအက်စ်တပ်ထားသည့် လေ့ကျင့်ရေးဝတ်စုံများသည် ကစားသမားတစ်ဦးချင်း၏ စွမ်းဆောင်ရည်အချက်အလက်များကို တိတိကျကျထုတ်ပြန်နိုင်မည်ဖြစ်ပြီး နည်းပြများအတွက် များစွာအထောက်အကူပြုနိုင်သည်။
သတ်မှတ်
အာရှယူ-၂၃ချန်ပီယံရှစ် ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာယူ-၂၂အသင်းကို ပဏာမကစာသမား ၂၈ဦးဖြင့် မတ် ၄ရက်မှစတင်၍ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ မြန်မာအသင်းသည် ပြိုင်ပွဲမတိုင်မီ မတ် ၉ရက်တွင် စင်ကာပူလိဂ်တွင် ကစားနေသည့် ဂျပန်ကလပ် နီဂါတာအသင်းနှင့် သုဝဏ္ဏကွင်းတွင် ညနေ၆နာရီ၌ ခြေစမ်းပွဲတစ်ပွဲကစားမည်ဖြစ်သည်။ အဆိုပါခြေစမ်းပွဲအား ရုပ်သံမှပြသနိုင်ရန် ညှိနှိုင်းလျက်ရှိနေပြီး ကွင်းဝင်ကြေးမှာ ရိုးရိုးတန်း ၁၀၀၀ကျပ်နှင့် အထူးတန်း ကျပ်၂၀၀၀သတ်မှတ်ထားသည်။















