တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) ကိုယ်စားလှယ်များအား အပြောင်း အလဲပြုလုပ်မည်ဖြစ်ကြောင်း ပီပီအက်စ် တီက မတ် ၅ ရက်၌ ကြေညာခဲ့သည်။
လေးလကြာရပ်ဆိုင်း
ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သဘောထားကွဲလွဲမှုကိုအခြေခံပြီး လေးလကြာရပ်ဆိုင်းထားရ သည့် ပီပီအက်စ်တီ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မတ် ၅ ရက်မှ ၆ ရက်အထိ တရားဝင် ပြန်လည်ကျင်းပနေခြင်းဖြစ်သည်။
ကိုယ်စားလှယ်လွှဲပြောင်းမည်
"ကေအင်န်ယူနဲ့ အာရ်စီအက်စ်အက်စ်တို့အနေနဲ့ကတော့ မတူကွဲပြားခြားနားမှုအပေါ် အခြေခံဖွဲ့စည်းထားတဲ့ ပီပီအက်စ်တီအဖွဲ့ဝင်အဖွဲ့အစည်းများရဲ့ အခြေအနေမှန်ကို သုံးသပ်ပြီး ရှေ့ဆက်လုပ်ဆောင်မှုများနဲ့ ပတ်သက်လို့ ဒီလိုသဘောထားရှိပါတယ်။ ကျွန်တော်တို့ နှစ်ဖွဲ့ အနေနဲ့ ပီပီအက်စ်တီစုဖွဲ့မှုကို အကျေအလည် ညှိနှိုင်းဆွေးနွေးပြီး ရည်မှန်းချက်တူညီရာကို အတူတကွ ပူးတွဲအကောင်အထည်ဖော်နိုင်တဲ့ ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေးအဖြစ်သို့ အသွင်ပြောင်းလိုတဲ့ကိစ္စကိုလည်း ဒီအထူးအစည်းအဝေးမှာ အဆိုပြုဆွေးနွေးသွားမှာ ဖြစ်ပါ တယ်။ ဒါကြောင့် ဒီအဆိုပြုချက်အတိုင်း ကေအင်န်ယူနဲ့ အာရ်စီအက်စ်အက်စ်တို့အနေနဲ့ ပီပီအက်စ်တီ အစည်းအဝေးနဲ့ပတ်သက်ပြီး လိုက်လျောညီထွေ ဖြစ်စေမယ့် သင့်တော်တဲ့ ကိုယ်စားလှယ်လွှဲပြောင်း မှုတွေကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်ဆိုတဲ့ အကြောင်းကိုလည်း အသိပေးအပ်ပါတယ်"ဟု ပီပီအက်စ်တီ အစည်းအဝေးခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုးက အဆိုပါအစည်းအဝေး၌ ပြောဆိုသည်။
တရားဝင်ဖြစ်ပေါ်လာဖွယ်ရှိ
ကေအင်န်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် ပီပီအက်စ်တီခေါင်းဆောင်အဖြစ်မှ အနားယူကာ ၎င်း၏နေရာတွင် ကေအင်န်ယူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက တာဝန်ယူသွားမည်ကြောင်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းက သတင်းထွက်ပေါ် ခဲ့ပြီး ထိုအပြောင်းအလဲသည် ယခုအစည်းအဝေး၌ တရားဝင်ဖြစ်ပေါ်လာဖွယ်ရှိကြောင်း တိုင်း ရင်းသားခေါင်းဆောင်များက သုံးသပ်ကြသည်။
အရွေ့တစ်ခုဖန်တီးရန်လို လေးလကြာရပ်နားပြီးမှ တရားဝင်ပြန်လည် စတင်သည့် ပီပီအက်စ်တီအစည်းအဝေးကို အထူးအစည်းအဝေးအနေဖြင့် ကျင်းပခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးမှ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ဆို့နေသည့် အနေအထားမှနေ အပေါင်းလက္ခဏာဆောင်ပြီး ပိုမိုကောင်းမွန် သည့် အရွေ့တစ်ခုကို ဖန်တီးနိုင်ရန်လိုအပ်နေကြောင်း ကေအင်န်ယူနှင့် အာရ်စီအက်စ် အက်စ်တို့က ရှုမြင်ထားကြသည်။
















