လွန်ခဲ့သည့်နှစ်က လက်နက်ဖျက်သိမ်းရေးစီမံကိန်းတစ်ကဏ္ဍအဖြစ် ဖျက်ဆီးခဲ့သည့် တာဝေးပစ်ဒုံးကျည် ပစ်လွှတ်ရေးစခန်းကို မြောက်ကိုရီးယားအစိုးရက ပြန်လည်တည်ဆောက်နေကြောင်း တောင်ကိုရီးယားမီဒီယာအချို့က ဖော်ပြခဲ့သည်။
လွန်ခဲ့သည့်အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ ဗီယက်နမ်တွင် ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့ကာ သဘောတူညီချက်တစ်စုံတစ်ရာ မရရှိဘဲ ပြီးဆုံးခဲ့သည့်နောက် ပြုံယမ်းက ဒုံးကျည်ပစ်စခန်း ပြန်လည်တည်ဆောက်သည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
မြောက်ကိုရီးယား၏ တုန်ချန်းရီစခန်းနှင့်ပတ်သက်၍ တောင်ကိုရီးယားလွှတ်တော်အမတ်များကို ထောက်လှမ်းရေး အေဂျင်စီ(အင်န်အိုင်အက်စ်)က မတ် ၅ ရက်၌ သီးသန့်ရှင်းပြခဲ့ကြောင်း မတ် ၆ ရက်ထုတ် ဂျွန်းအန့်အီလ်ဘိုသတင်းစာက ဖော်ပြခဲ့သည်။
အင်န်အိုင်အက်စ်ညွှန်ကြားရေးမှူး ဆူဟွန်းက စခန်းပြန်ဆောက်မှုသည် တာဝေးပစ်ဒုံးကျည်စမ်းသပ်မှု ပြန်လည်စတင်ရန် ဖြစ်နိုင်ကြောင်း ရှင်းပြခဲ့သည်ဟုဆိုပြီး ယင်းသတင်းအပေါ် တောင်ကိုရီးယားလွှတ်တော်ရုံးကမူ တုံ့ပြန်မှုမရှိသေးပေ။
ဖေဖော်ဝါရီ ၁၆ ရက်နှင့် မတ် ၂ ရက်အတွင်း ယင်းစခန်းတွင် ဆောက်လုပ်မှုအချို့ ပြန်လည်စတင်ရန် အားထုတ်ခဲ့ကြောင်း အရပ်ဘက်ဂြိုဟ်တုဓာတ်ပုံအချို့ကိုကိုးကား၍ ၃၈ မျဉ်းပြိုင်ဝက်ဘ်ဆိုက်ကလည်း သတင်းဆောင်းပါး ဖော်ပြခဲ့သည်။
ယင်းစခန်းမှ ပြီးခဲ့သည့်နှစ်များအတွင်း ဂြိုဟ်တုများလွွှတ်တင်ခဲ့ခြင်းဖြင့် ဒုံးကျည်နည်းပညာတိုးတက်ရေး လုပ်ဆောင်နေကြောင်း ရှုမြင်ခံရလျက် ကုလသမဂ္ဂ၏ပိတ်ဆို့မှုများကို ဖိတ်ခေါ်ရာရောက်ခဲ့သည်။
မြောက်ကိုရီးယားကို အထူးလေ့လာနေသည့် ၃၈ မျဉ်းပြိုင်သတင်းဌာနက တုန်ချန်းရီစခန်း၌ သံလမ်းပြေးစနစ် ပြန်လည်တပ်ဆင်နေကြောင်း၊ ဝန်ချီစက်နှစ်လုံးကို မြင်တွေ့ရကြောင်း၊ နံရံများနှင့် အမိုးသစ်ပြန်လည်မိုးကာထားကြောင်း၊ ဒုံးပျံအင်ဂျင်စမ်းသပ်ရာနေရာတွင်လည်း စမ်းသပ်ကိရိယာများ ပြန်လည်တပ်ဆင်ခဲ့သည်ကို မြင်တွေ့ရကြောင်း ဖော်ပြခဲ့သည်။

















