သေနတ်ကိုင်တွယ်မှုတင်းကျပ်ထားသည့် ဗြိတိန်နိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်ကုန်က ဆယ်ကျော်သက်နှစ်ဦး သီးခြားစီ ဓားထိုးခံရ၍ သေဆုံးခဲ့ရပြီးနောက် ယင်းကဲ့သို့သေဆုံးမှုများမြင့်တက်လာသည့်အပေါ်လည်း အစိုးရကို အပြစ်တင်ဝေဖန်လျက်ရှိသည်။
ပြီးခဲ့သည့်နှစ်က ဓားထိုးမှုဖြင့်သေဆုံးခဲ့ရသည့် ဆယ်ကျော်သက် ၂၇ ဦး၏ ဓာတ်ပုံများဖော်ပြ၍ နောက်ထပ်မည်မျှ အသက်ပေးရဦးမည်နည်းဟု ဒေးလီးမေးလ်သတင်းစာက မတ် ၅ ရက်၌ မေးခွန်းထုတ်ခဲ့သည်။
ဒေးလီးမိုင်ရာသတင်းစာ ကလည်း ဝန်ကြီးချုပ်ထရီဆာမေကို အလားတူမေးခွန်းထုတ်သည်။ဆယ်နှစ်မျှ ဓားထိုးမှုများကျဆင်းခဲ့ပြီးနောက် တဖန်ပြန်လည်မြင့်တက်လာရာ၂၀၁၇ ဧပြီမှ ၂၀၁၈ မတ်အတွင်း အင်္ဂလန်နှင့်ဝေလနယ်တို့တွင် ဓားဖြင့်တိုက်ခိုက်၍ လူသေမှုပေါင်း ၂၈၅ မှု ဖြစ်ပွားခဲ့သည်။
၁၉၄၆ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံးစံချိန် ဖြစ်သည်။ဓားဒဏ်ရာဖြင့် ဆေးရုံရောက်ခဲ့သူများလည်း ရှစ်ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ဗြိတိန်တွင် သေနတ်ကိုင်တွယ်မှု တင်းကျပ်ထား၍ ရန်ပွဲများတွင် ဓားသည် အဓိကလက်နက်ဖြစ်လာသည်။
လွန်ခဲ့သည့်နှစ်ကလူသတ်မှု ၄၀ ရာခိုင်နှုန်းကို ဓားဖြင့်ကျူးလွန်ခဲ့ပြီးသေနတ်သုံး သတ်ဖြတ်မှုမှာ ၄ ရာခိုင်နှုန်းသာရှိသည်။ရာဇဝတ်မှုများ ဖြစ်ပွားရခြင်းအကြောင်းရင်းနှင့် ဖြေရှင်းရေးနည်းလမ်းတို့မှာလည်း အပြင်းအထန် အငြင်းပွားနေကြသည်။
ထရီဆာမေ၏ ကွန်ဆာဗေးတစ်အစိုးရက ပြည်သူ့ရေးရာရန်ပုံငွေများ ဖြတ်တောက်မှုကြောင့် ဖြစ်ကြောင်း အတိုက်အခံများနှင့် ရဲတပ်ဖွဲ့ခေါင်းဆောင်များက အပြစ်ဖို့ထားကြသည်။
ရဲတပ်ဖွဲ့အသုံးစရိတ်သည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ၂၀ ရာခိုင်နှုန်းနီးပါးလျှော့ချခံခဲ့ရခြင်းကြောင့် လမ်းများပေါ်တွင် ရဲအင်အား ၂၀ဝ၀ဝ ခန့် နည်းပါးသွားရသည်ဟု ဆိုသည်။
လူငယ်စင်တာများ၊ စိတ်ကျန်းမာရေးဌာနများ၊ ကျောင်းများ၊ ကလေးဝန်ဆောင်မှုဌာနများ ရန်ပုံငွေအကြီးအကျယ်ဖြတ်တောက်ခံခဲ့ရခြင်းနှင့် ရာဇဝတ်မှုမြင့်တက်ခြင်းတို့ ဆက်နွှယ်နေကြောင်း လန်ဒန်မြို့တော်ဝန် ဆဒစ်ခန်းကပြောဆိုသည်။
၄င်းသည် အတိုက်အခံလေဘာမှဖြစ်သည်။အချို့ကျွမ်းကျင်သူများကလည်း အစိုးရကိုသာအပြစ်မဖို့နိုင်ကြောင်းပြောဆိုကြသည်။
တရားမဝင်မူးယစ်ဆေး ရောင်းဝယ်မှုကိုထိန်းချုပ်ရန် အကြမ်းဖက်မှုတိုးပွားလာခြင်းဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့ဝင်များနှင့် ကွန်မြူနီတီလုပ်သားများက ပြောဆိုခဲ့သည်။

















