မိမိကိုအာဏာလက်မဲ့ဖြစ်အောင် ဖန်တီးချင်နေသော ရူးသွပ်မိုက်မဲသည့် လူနည်းစုအတိုက်အခံများကို ချေမှုန်းပစ်မည်ဟု ဗင်နီဇွဲလားသမ္မတနီကိုလက်စ် မာဒူရိုက ကြိမ်းဝါးလိုက်သည်။
အတိုက်အခံခေါင်းဆောင် ဟွမ် ဂွိုင်ဒိုကိုစိန်ခေါ်သောအားဖြင့် အစိုးရဆန့်ကျင်ဆန္ဒပြသူများကို တန်ပြန်ကာ အစိုးရထောက်ခံဆန္ဒပြပွဲများကိုလည်း သမ္မတမာဒူရိုကဦးဆောင်ဆင်နွှဲလျက်ရှိသည်။
အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒိုသည် သမ္မတမာဒူရိုကိုဖီဆန်ကာမတ် ၄ရက်တွင် နိုင်ငံသို့ ပြန်လာခဲ့ကြောင်းလည်းတွေ့ရသည်။
သမ္မတမာဒူရိုအာဏာစွန့်လွှတ်ရေးပိုမိုဖိအားပေးနိုင်ရန်အတွက် ဆန်ရှင်(ပိတ်ဆို့အရေးယူမှု)အသစ်များတိုးမြှင့်ချမှတ်ရန်လည်း အမေရိကန်အစိုးရကစိုင်းပြင်းလျက်ရှိသည်။
အနာဂတ် ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများတွင် သမ္မတမာဒူရို၏ အခန်းကဏ္ဍသည် မှေးမှိန်နေပြီဖြစ်ကြောင်းဗင်နီဇွဲလားဆိုင်ရာအမေရိကန် ကိုယ်စားလှယ် အိလွိုက် အေဘရမ်ကပြောသည်။
“ဒီမိုကရေစီနည်းကျ ဗင်နီဇွဲလားနိုင်ငံထူထောင်ဖို့ သမ္မတမာဒူရိုမှာအခွင့်အရေးရခဲ့ပေမယ့် အခွင့်အရေးကိုအသုံးမချနိုင်ခဲ့ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့်နှစ်ကသမ္မတမာဒူရို ပြန်လည်ရွေးကောက်ခံရခြင်းသည် တရားမဝင်ဟု လွှတ်တော်ကဆုံးဖြတ်ခဲ့ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌဖြစ်သူဟွမ် ဂွိုင်ဒိုက ကြားဖြတ်သမ္မတအဖြစ် တာဝန်ယူကြောင်း ဇန်နဝါရီတွင် ကြေညာခဲ့ခြင်းဖြစ်သည်။
သမ္မတမာဒူရိုကလည်းဟွမ်ဂွိုင်ဒို၏ ကြေညာချက်ကိုလက်မခံခဲ့သဖြင့် နိုင်ငံအတွင်းသဘောထားနှစ်ခြမ်းကွဲခဲ့ကာ အမေရိကန်နှင့် ပြည်ပနိုင်ငံအများအပြားက ဟွမ်ဂွိုင်ဒိုကိုထောက်ခံထားကြပြီးတရုတ်၊ ရုရှားနှင့် အခြားနိုင်ငံများကလည်း သမ္မတမာဒူရိုကိုဆက်လက်ထောက်ခံထားကြသည်။

















