တရုတ်ဈေးကွက်သို့ ဝင်ရောက်လိုသော ပြည်ပကုမ္ပဏီများအနေဖြင့် ပြည်တွင်းကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ကာနည်းပညာမူပိုင်ခွင့်များကို ပြည်တွင်းကုမ္ပဏီများအားလွှဲပေးရသည့် စနစ်မျိုးကိုဥပဒေထုတ်ပြန် တားမြစ်သွားမည်ဖြစ်ကြောင်းတရုတ် စီးပွားရေးထိပ်တန်းအရာရှိတစ်ဦးကမတ် ၆ ရက်တွင် ထုတ်ပြန်ပြောကြားလိုက်သည်။
တားမြစ်ဥပဒေကို ပြည်ပရင်းနှီးမြှုပ်နှံမှုဥပဒေအတွင်းထည့်သွင်းရန် လက်ရှိကျင်းပနေသော ပြည်သူ့ညီလာခံတွင် တင်ပြသွားမည်ဟု တရုတ်အစိုးရစီးပွားစီမံရေးဌာနဒုတိယဥက္ကဋ္ဌ နင် ဂျီကျီကပြောသည်။
ဥပဒေသစ်သည် ပြည်ပရင်းနှီးမြှုပ်နှံသူများကိုပိုမိုကာကွယ်ပေးသွားမည်ဖြစ်ကြောင်းနင်ကပြောကြားသည်။
ဥပဒေသစ်အရ ပြည်ပလုပ်ငန်းများသည် တရုတ်ပြည်တွင်းလုပ်ငန်းများနှင့် ဖက်စပ်လုပ်ကိုင်သည့်အခါ နည်းပညာမူပိုင်ခွင့်များလွှဲပြောင်းပေးရန် မလိုတော့ကြောင်းသိရသည်။
တရုတ်၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဥပဒေသည် ပြည်ပလုပ်ငန်းများ၏ နည်းပညာမူပိုင်ခွင့်များကိုဖိအားပေးရယူနိုင်ရန် ဖန်တီးထားရာရောက်နေသည်ဟုအမေရိကန်နှင့် ပြည်ပနိုင်ငံများကအပြင်းအထန် ဝေဖန်နေကြသဖြင့် တရုတ်အစိုးရက ပြုပြင်ပြောင်းလဲရေးဖော်ဆောင်လာခြင်းအဖြစ် မြင်နိုင်သည်။
တရုတ်ဝန်ကြီးချုပ်က ပြည်သူ့ညီလာခံအဖွင့်မိန့်ခွန်းတွင် ပြည်ပကုမ္ပဏီများကို ပြည်တွင်းကုမ္ပဏီများနှင့် တန်းတူဆက်ဆံသွားမည်ဟုကတိပြုခဲ့ပြီးနောက် ယခုလိုနည်းပညာမူပိုင်ခွင့် လွှဲပြောင်းပေးရခြင်းမျိုးမရှိစေရေးဥပဒေဖြင့် အကာအကွယ်ပေးသွားမည်ဟုဆက်လက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
တရုတ်သည် ယခုနှစ်အတွက် စီးပွားတိုးနှုန်းကို ၆ မှ ၆ ဒသမ ၅ ရာခိုင်နှုန်းကြားရှိရမည်ဟုပန်းတိုင်ချမှတ်ထားသည်။
ပြီးခဲ့သည့်နှစ်က ၆ ဒသမ ၆ ရာခိုင်နှုန်းထက် အနည်းငယ်လျော့သွားသလို၊ ဆယ်စုနှစ် သုံးစုအတွင်းအနိမ့်ဆုံးနှုန်းဖြစ်သည့်တိုင် ထိုပန်းတိုင်ကိုပေါက်မြောက်လျှင်ပင် တရုတ်သည် စီးပွားတိုးတက်မှုအရှိဆုံးနိုင်ငံအဖြစ် ရပ်တည်နေနိုင်မည်ဖြစ်သည်။

















