ရန်လိုသော စကားများကို ပြောဆိုပြီး ထင်ရာစိုင်းလုပ်ကာ အတ္တကြီးခြင်းသည် ယနေ့ခေတ် ခေါင်းဆောင်မှုပုံစံဖြစ်နေကြောင်း အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမားက ကနေဒါနိုင်ငံ ဗန်ကူးဗား၌ မတ် ၅ ရက် အနှောင်းတွင် ပြောဆိုခဲ့သည်။
အိုဘားမားသည် ၎င်း၏မိန့်ခွန်းတွင် မည်သည့်နိုင်ငံရေးသမား၏အမည်ကိုမျှ ညွှန်းဆိုပြောဆိုခြင်းမပြုခဲ့သော်လည်း ယနေ့ခေတ်နိုင်ငံရေးသည် ပိုမိုရန်လိုခြင်းအကြောင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အခြားလူများ၏အကြံဉာဏ်ပေးမှုကိုနားထောင်ပြီး ဂုဏ်သိက္ခာရှိသူများကို နံဘေးတွင်ထားရှိခြင်းသည် ၎င်း၏ ခေါင်းဆောင်မှုပုံစံဖြစ်ကြောင်း အိုဘားမားကပြောဆိုခဲ့သည်။
နာမည်ပျက်မှုတစ်စုံတစ်ရာမရှိဘဲ သမ္မတတာဝန်မှ အနားယူနိုင်ခဲ့ပြီး သမ္မတအဖြစ်စတင်တာဝန်ထမ်းဆောင်စဉ်ကတည်းက ဂုဏ်သိက္ခာရှိသူများကိုသာ ရာထူးတာဝန်များပေးခဲ့ကြောင်း အိုဘားမားကပြောဆိုခဲ့သည်။
ထို့ပြင် အစိုးရအဖွဲ့ကိုလည်း ထိထိရောက်ရောက် ချောချောမွေ့မွေ့လည်ပတ်ခွင့်ပြုခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။
၂၀ဝ၈ ခုနှစ်ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီသည် ဆာရာ ပါလင်းကို ဒုတိယသမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်စေခဲ့ခြင်းဖြင့် ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာရေးအတွက် မျိုးစေ့ချသလိုရှိခဲ့ကြောင်း အိုဘားမားကပြောဆိုခဲ့သည်။
ပါလင်း ရွေးကောက်ပွဲဝင်မှုကြောင့် ရီပတ်ဘလီကန်ပါတီအတွင်း လူပြိန်းကြိုက်လုပ်ဆောင်ရေးဓလေ့ထွန်းကားလာခဲ့ကာ အကျိုးဆက်အဖြစ် ထရမ့် ရွေးကောက်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုခဲ့သည်။

















