အီရတ်နှင့် ကာ့ဒ်နယ်မြေများတွင် ကလေးငယ် ၁၅၀ဝ ခန့် အိုင်အက်စ်နှင့်ပတ်သက်မှုသံသယဖြင့် ချုပ်နှောင်ခံထားရ

အီရတ်နှင့် ကာ့ဒ်နယ်မြေများတွင် ကလေးငယ် ၁၅၀ဝ ခန့် အိုင်အက်စ်နှင့်ပတ်သက်မှုသံသယဖြင့် ချုပ်နှောင်ခံထားရ

အီရတ်အစိုးရ၏တိုက်ရိုက်အုပ်ချုပ်မှုအောက်ရှိ နယ်မြေများနှင့် အီရတ်ရှိ ကာ့ဒ်အုပ်ချုပ်မှုနယ်မြေများတွင် ကလေး ၁၅၀ဝ ခန့် အိ်ုင်အက်စ်ပတ်သက်မှုသံသယဖြင့် ချုပ်နှောင်ခံထားရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့( HRW) ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

ကလေးငယ်များအား အကြောင်းအရင်းခိုင်ခိုင်မာမာမရှိဘဲ ဖမ်းဆီးပြီး အပြစ်ရှိကြောင်း ဝန်ခံလာစေရန် နှိပ်စက်ညှဉ်းပန်းမှုများကိုပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကလေးငယ်များအား ချုပ်နှောင်ထားခြင်းသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သောကြောင့် အီရတ်နှင့် ကာ့ဒ်အာဏာပိုင်များသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများကို ပြင်ဆင်သင့်ကြောင်း HRW က တိုက်တွန်းပြောဆိုခဲ့သည်။

အိုင်အက်စ်ပတ်သက်မှုဖြင့် ကလေးငယ်များကို နှိပ်စက်ညှဉ်းပန်းခြင်းမရှိခဲ့ကြောင်း ကာ့ဒ်အစိုးရက ယခင်က ပြောဆိုခဲ့ပြီးဖြစ်သည်။

ကလေးငယ်များ အယူပြောင်းသွားရေး ပြန်လည်ပညာပေးခြင်းဖြစ်ပြီး နှိပ်စက်ညှဉ်းပန်းမှုများကို ပိတ်ပင်ထားကာ ကလေးငယ်များအား အခြားအကျဉ်းသားများကဲ့သို့ တန်းတူအခွင့်အရေးပေးထားကြောင်း အစိုးရအရာရှိတစ်ဦးက ဇန်နဝါရီတွင် ပြောဆိုခဲ့သည်။

၂၀၁၈ ခုနှစ် အကုန်ပိုင်းအထိ အီရတ်နှင့် ကာ့ဒ်အာဏာပိုင်များသည် အိုင်အက်စ်ပတ်သက်မှုဖြင့် ကလေး ၁၅၀ဝ ခန့်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း စာမျက်နှာ ၅၃ မျက်နှာပါ အစီရင်ခံစာတွင်ဖော်ပြထားသည်။

နိုင်ငံခြားသား ကလေးငယ် ၁၈၅ ဦးသည် အကြမ်းဖက်မှု စွဲချက်များဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးဖြစ်ကြောင်း HRW က အီရတ်အစိုးရ၏ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြခဲ့သည်။

HRW သည် အိုင်အက်စ်ပတ်သက်မှုဖြင့် ချုပ်နှောင်ခံထားရသည့် ကလေး ၂၉ ဦးကို တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

ပလတ်စတစ်ပိုက်များ၊ လျှပ်စစ်ကြိုးများ၊ ကြိမ်လုံးများဖြင့် ရိုက်နှက်ခြင်းအပါအဝင် နှိပ်စက်ညှဉ်းပန်းမှုများပြုလုပ်ခဲ့ကြောင်း ကလေး ၁၉ ဦးကပြောဆိုခဲ့သည်။

ချုပ်နှောင်ခံထားရပြီးနောက် ပြန်လွတ်ခဲ့သည့် အီရတ်ကလေးများသည် အိမ်ပြန်သွားပါက အိုင်အက်စ်ပတ်သက်မှုဖြင့် လက်စားချေခံရမည်ကိုစိုးရိမ်သောကြောင့် နေအိမ်သို့ မပြန်ရဲကြကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။