ဆိုးလ်မြို့ လေထုသန့်ရှင်းရေးမိုးတုစီမံကိန်းဖော်ဆောင်ရေးတရုတ်နှင့်ပူးပေါင်းရန် တောင်ကိုရီးယားအဆိုပြု

ဆိုးလ်မြို့ လေထုသန့်ရှင်းရေးမိုးတုစီမံကိန်းဖော်ဆောင်ရေးတရုတ်နှင့်ပူးပေါင်းရန် တောင်ကိုရီးယားအဆိုပြု

ဆိုးလ်မြို့တော်တွင် လေထုညစ်ညမ်းမှု ဆိုးရွားနေသဖြင့် တရုတ်နှင့် ပူးပေါင်းကာမိုးတုရွာသွန်းအောင် ဖန်တီးရန် တောင်ကိုရီးယားက အဆိုပြုထားသည်။ 

ထို့ပြင် ဆိုးလ်မြို့အနီးရှိသက်တမ်းရင့် ကျောက်မီးသွေးဓာတ်အားပေးရုံကို အမြန်ဆုံးပိတ်သိမ်းရန်လည်း သမ္မတမွန်းဂျေအင်က ညွှန်ကြားထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ကင် ယူယွမ်ကပြောသည်။

တရုတ်ဘက်ကမှ စက်မှုလုပ်ငန်းများကြောင့် ညစ်ညမ်းဖုန်မှုန့်များလွင့်လာခြင်း၊ တောင်ကိုရီးယားနိုင်ငံတွင်းရှိကားများမှ မီးခိုးငွေ့များသည် ဆိုးလ်မြို့ လေထုညစ်ညမ်းရသည့် အဓိကအကြောင်းရင်းများဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

ဆိုးလ်မြို့တွင် ပြီးခဲ့သည့် သီတင်းပတ်ကစတင်ကာလေထုအတွင်း ဖုန်မှုန့်ပါဝင်နှုန်း မြင့်တက်လာသဖြင့် အများပြည်သူသည် နှာခေါင်းစည်းများဝတ်ဆင်ကာအပြင်သို့ ထွက်နေကြရသည်။

မိုးတုဖန်တီးခြင်းနှင့် ပတ်သက်လျှင် တရုတ်သည် တောင်ကိုရီးယားထက် များစွာနည်းပညာမြင့်မားသဖြင့် တရုတ်နှင့် ပူးပေါင်းကာ နှစ်နိုင်ငံအကြားပင်လယ်ဝါအတွင်းမိုးတုဖန်တီးခြင်းဖြင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သမ္မတမွန်းဂျေအင်ကပြောသည်။

တောင်ကိုရီးယားဘက်မှ ဖုန်မှုန့်များလွင့်လာမှုကြောင့် ရှန်ဟိုင်းမြို့သည်လည်း လေထုညစ်ညမ်းနေရကြောင်း တရုတ်ကဆိုထားသဖြင့် နှစ်နိုင်ငံအကြား ပင်လယ်ဝါအတွင်းမိုးတုရွာသွန်းစေနည်းဖြင့် ဖုန်မှုန့်များကို လျှော့ချနိုင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားဘက်က အဆိုပြုထားကြောင်း ပြောရေးဆိုခွင့်ရှိသူကင်ကပြောသည်။

လေထုညစ်ညမ်းမှု သတိပေးစနစ်ကိုလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ကြရန် သမ္မတမွန်းကအဆိုပြုထားသည်။