အစ္စတန်ဘူ၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ ချီတက်သူများအား ရဲတပ်ဖွဲ့ အင်အားသုံးလူစုခွဲ

အစ္စတန်ဘူ၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ ချီတက်သူများအား ရဲတပ်ဖွဲ့ အင်အားသုံးလူစုခွဲ

မတ် ၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် တူရကီနိုင်ငံ အစ္စတန်ဘူမြို့၌ ချီတက်ခဲ့သည့် ဆန္ဒပြသူထောင်ပေါင်းများစွာတို့အား အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲရန် ကြိုးပမ်းခဲ့သည်။

အမျိုးသမီးများစွာပါဝင်သော လူထောင်ပေါင်းများစွာသည် မတ် ၈ ရက်တွင် အစ်တစ်လယ်လမ်းနားတွင် စုဝေးခဲ့သော်လည်း ယင်းသည် ခွင့်ပြုချက်မရဘဲ စုဝေးခြင်းဖြစ်သောကြောင့် လူစုခွဲခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။

ရဲတပ်ဖွဲ့သည် လမ်းထိပ်တွင် အတားအဆီးများကိုချထားခဲ့ပြီး ဆန္ဒပြသူများ နောက်ဆုတ်သွားစေရန် မျက်ရည်ယိုဗုံးများကို သုံးခဲ့သည်။

တူရကီ၌ မကြာသေးမီနှစ်များအတွင်း လုံခြုံရေးအကြောင်းပြချက်ဖြင့် ဆန္ဒပြမှုများကို ကန့်သတ်ပိတ်ပင်ခဲ့သည်။

ဆီးရီးယားရှိ အကျဉ်းထောင်များတွင် အမျိုးသမီးများနှင့် ကလေးငယ်များကို ဖမ်းဆီးချုပ်နှောင်ထားမှုဖြင့် အစ္စတန်ဘူ၌ လူရာပေါင်းများစွာသည် မကြာသေးမီရက်များအတွင်းချီတက်ဆန္ဒပြခဲ့ကြသည်။

ကမ္ဘာကြီးတွင် ကျားမခွဲခြားမှုပပျောက်ပြီး အမျိုးသမီးများ တန်းတူအခွင့်အရေးရရှိရေးအတွက် တောင်းဆိုမှုများနှင့်အတူ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားများကို မတ်လ ၈ ရက်တွင် ကမ္ဘာတစ်ဝန်း၌ ကျင်းပခဲ့ကြသည်။

လစာကွာခြားမှု၊ အနိုင်ကျင့်မှုနှင့် မညီမျှမှုများအကြီးအကျယ်ဖြစ်ထွန်းနေမှု လျော့ကျပြီး တန်းတူဖြစ်လာရေးအတွက် အမျိုးသမီးများ တောင်းဆို ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

စပိန်နိုင်ငံတွင် ထောင်ချီသော အမျိုးသမီးများ အလုပ်ခွင်မှထွက်ကာ ဆန္ဒပြခဲ့ကြသည်။ လာမည့်လတွင် ရွေးကောက်ပွဲကျင်းပရန်ရှိသည့် စပိန်တွင် အမျိုးသမီးအခွင့်အရေးမှာ ထိပ်တန်းအရေးတစ်ခုဖြစ်သည်။

ယူကရိန်းမြို့တော် ကိယက်ဗ်တွင် အမျိုးသမီးအရေးဆန္ဒပြမှုကို ဖျက်လိုဖျက်ဆီးလုပ်ရန် ကြိုးပမ်းသည့် လက်ယာစွန်းသုံးဦးကို ထိန်းသိမ်းခဲ့သည်။

ပေါ်တူဂီတွင်လည်း မတ် ၇ ရက်က ဝန်ကြီးအဖွဲ့ အစည်းအဝေးတွင် အိမ်တွင်းအကြမ်းဖက်မှု၏ သားကောင်များအတွက် တစ်မိနစ်ငြိမ်သက်စွာနေပေးခဲ့သည်။