အယ်လ်ဂျီးရီးယားနိုင်ငံတွင်ပဉ္စမမြောက်ရာထူးသက်တမ်းထမ်းဆောင်လိုသည့် သမ္မတကို ဆန္ဒပြ

အယ်လ်ဂျီးရီးယားနိုင်ငံတွင်ပဉ္စမမြောက်ရာထူးသက်တမ်းထမ်းဆောင်လိုသည့် သမ္မတကို ဆန္ဒပြ

အယ်လ်ဂျီးရီးယားနိုင်ငံတွင် ပဉ္စမမြောက် သမ္မတရာထူးသက်တမ်း ထမ်းဆောင်လိုသည့် သမ္မတအက်ဒဲလ်အဇစ် ဘောတီဖလီကာကို မတ်လ ၈ ရက်၌ နိုင်ငံတစ်ဝန်း ပြည်သူများက အကြီးမားဆုံးဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
 

မြို့တော်အဲလ်ဂျရီးစ်တွင် သမ္မတနန်းတော်သို့ ဦးတည်လာသည့်ဆန္ဒပြသူများကို ရဲကမျက်ရည်ယိုဗုံးများဖြင့် တားဆီးခဲ့ရသော်လည်း အများစုမှာ ငြိမ်းချမ်းစွာဆန္ဒပြမှုများဖြစ်သည်။

အယ်လ်ဂျီးရီးယားသည် သမ္မတနိုင်ငံတစ်ခုဖြစ်ကြောင်း ဘုရင်စနစ်ကျင့်သုံးသည့်နိုင်ငံမဟုတ်ကြောင်း စာတမ်းများကို ဆန္ဒပြသူများကိုင်ဆောင် ချီတက်ခဲ့ကြသည်။

လူ ၂၀ဝ နီးပါးထိန်းသိမ်းခံခဲ့ရကြောင်း ဒေသခံ သတင်းများက ဖော်ပြခဲ့သည်။

အယ်လ်ဂျီးရီးယား၏ ဒုတိယအကြီးဆုံးမြို့တွင် မတ်လ ၈ ရက်လှုပ်ရှားမှုအဖြစ် ဆန္ဒပြချီတက်ကြရန် လူမှုကွန်ရက်မှ လှုံ့ဆော်ခဲ့သည်။

နိုင်ငံတစ်ဝန်း ဆန္ဒပြကန့်ကွက်သူ စုစုပေါင်း သန်း ၂၀ ခန့်ရှိရန် စည်းရုံးခဲ့ကြောင်း လှုပ်ရှားသူများက ပြောဆိုခဲ့သည်။

လာမည့်ဧပြီလတွင် ငါးကြိမ်မြောက်သမ္မတအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း ဘောတီဖလီကာက ကြေညာခဲ့သည့်နောက် လွန်ခဲ့သည့်လမှစ၍ မတည်ငြိမ်မှုများ စတင်ခဲ့သည်။

နိုင်ငံကို နှစ် ၂၀ အုပ်စိုးခဲ့သည့် ဘောတီဖလီကာသည် ၂၀၁၃ ခုနှစ်တွင် လေသင်တုန်းဖြတ်ခဲ့ပြီးနောက် လက်ရှိ ဆွစ်ဇာလန်၌ ဆေးကုနေရသည်။

သမ္မတ ကျန်းမာရေးစိုးရိမ်ဖွယ်မရှိဟု ၄င်း၏မဲဆွယ်မန်နေဂျာက ပြောဆိုခဲ့သည်။

အသက် ၈၂ နှစ်ရှိ ဘောတီဖလီကာက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အသိအမှတ်ပြုသကဲ့သို့ ဆန္ဒပြမှုများကို လွှမ်းမိုးလိုသည့် ပြည်တွင်းပြည်ပအင်အားစုများကို သတိပြုစေလိုကြောင်း ပြောဆိုထားသည်။

အာဏာရ အက်ဖ်အယ်လ်အင်န်ပါတီမှအမတ်များစွာက ဆန္ဒပြသူများကိုထောက်ခံအားပေးကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

ကြာရှည်အင်အားချည့်နဲ့ခဲ့သည့် အတိုက်အခံနိုင်ငံရေးသမားများလည်း ဆန္ဒပြသူများနှင့် ဆွေးနွေးခဲ့သည်။

ပြင်သစ်ထံမှလွတ်လပ်ရေးရရှိခဲ့ပြီးနောက် အုပ်ချုပ်ခဲ့သည့် အစိုးရအရာရှိများ၏ အကျင့်ပျက်ယွင်းလာမှုနှင့် စီးပွားရေးအခွင့်အလမ်းချို့တဲ့မှုကြောင့် လူငယ်များ ဒေါသထွက်နေကြသည်။