သမ္မတဒေါ်နယ်ထရမ့်သည် မတ်လ ၁၁ ရက်တွင် ၂၀၂၀ ပြည့်နှစ် ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်အသုံးစရိတ် တောင်းခံမည်ဖြစ်ရာ အထူးထင်ရှားသည့်တောင်းဆိုမှုအဖြစ် နယ်စပ်တံတိုင်းတည်ဆောက်ရေးရန်ပုံငွေအပြင် စစ်ဘက်၏ ဌာနခွဲအသစ်အဖြစ် အာကာသတပ်ဖွဲ့တည်ဆောက်ရေးအတွက်လည်း ရန်ပုံငွေတောင်းခံသွားမည်ဟု သိရသည်။
ထရမ့်သည် မဲဆွယ်ကာလကပင် ကတိပြုထားသည့် နယ်စပ်တံတိုင်းတည်ဆောက်ရေးရန်ပုံငွေကို စွဲမြဲစွာ ထပ်မံ တောင်းခံမည်ဖြစ်ပြီး ဒီမိုကရက်လွှမ်းမိုးသည့် အောက်လွှတ်တော်ကလည်း ပယ်ချရန် မျှော်လင့်ရ၍ ကွန်ဂရက်လွှတ်တော်၌ ငြင်းခုန်မှုများ ဆက်လက်ပေါ်ပေါက်နိုင်သည်။
ပင်တဂွန် ကာကွယ်ရေးအတွက် ယခုနှစ်ထက် ၄ ဒသမ ၇ ရာခိုင်နှုန်းတိုးမြှင့်ကာ ဒေါ်လာ ဘီလျံ ၇၅၀ အထိ သုံးစွဲလိုပြီး ထရမ့်က ၇၁၈ ဘီလျံ သုံးစွဲခြင်းဖြင့် လုံလောက်မှုရှိမရှိ ပင်တဂွန်ကို မေးမြန်းဦးမည်ဆိုသည်။
ပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီကဲ့သို့ ဌာနများအတွက် အသုံးစရိတ်များကိုမူ လျှော့ချသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။
လျှော့သင့်သည့်နေရာတွင် အသုံးစရိတ်လျှော့ချရေး သမ္မတ၏ တောင်းဆိုမှုများကို ကွန်ဂရက်က ကြာရှည်လျစ်လျူရှုခဲ့သည့် အတွက် ပြည်ထောင်စုဘတ်ဂျက်သည် ဖောင်းပွနေကြောင်း၊ အစိုးရသည် အသုံးစရိတ်များ ညီညွတ်မျှတရန် ကြိုးပမ်းနေကြောင်းလည်း ပြောဆိုခဲ့သည်။
၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်သည် အောက်တိုဘာ ၁ ရက်၌ ကုန်ဆုံးမည်ဖြစ်ပြီး ယင်းအချိန်တွင် ၂၀၂၀ ဘတ်ဂျက်အရေး သဘောတူညီမှုမရရှိပါက အစိုးရယန္တရားတစ်စိတ်တစ်ပိုင်း ရပ်တန့်မည့်အခြေအနေ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

















