ဂျပန်ရှိ ၁၁၆ နှစ်အရွယ် အဘွားအို ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခံရ

ဂျပန်ရှိ ၁၁၆ နှစ်အရွယ် အဘွားအို ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခံရ

ဂျပန်နိုင်ငံရှိ အသက် ၁၁၆ နှစ်အရွယ် အဘွားအိုသည် ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းက မတ် ၉ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်သည်။

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖူကူအိုကားရှိ ကာနဲ တာနာကာ နေထိ်ုင်နေသည့် ဘိုးဘွားရိပ်သာသို့ ဂင်းနစ်မှတ်တမ်းမှ အဖွဲ့ဝင်များသွားရောက်ပြီး ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်ဆိုသည့် အသိအမှတ်ပြုလက်မှတ်ကိုပေးအပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ ကာနဲ တာနာကာ၏မိသားစုနှင့် မြို့တော်ဝန်တို့တက်ရောက်ခဲ့သည်။တာနာကာကို ၁၉၀၃ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် မွေးဖွားခဲ့သည်။

ကလေးရှစ်ဦးအနက် သတ္တမမြောက်ဖြစ်သည်။ တာနာကာသည် ၁၉၂၂ ခုနှစ်တွင် ဟီဒဲယို တာနာကာနှင့်လက်ထပ်ခဲ့ပြီး သားသမီးလေးဦးရရှိခဲ့ကာ အခြားကလေးငယ်တစ်ဦးကိုလည်း မွေးစားခဲ့သည်။
၎င်းသည် နံနက် ၆ နာရီတွင် အိပ်ရာထလေ့ရှိပြီး သင်္ချာတွက်ရသည်ကိုနှစ်သက်သလို ကျားကစားရသည်ကိုလည်း သဘောကျသူဖြစ်သည်။

ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ယခင်က သတ်မှတ်ခံရသူမှာ ဇူလိုင်တွင် ကွယ်လွန်ခဲ့သည့် အသက် ၁၁၇ ခုနှစ် ဂျပန်နိုင်ငံသူ ချီယို မီယာကိုဖြစ်သည်။

မီယာကိုမတိုင်မီက ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်မှာလည်း ဂျပန်လူမျိုးသာဖြစ်သည်။ဂျပန်လူမျိုးများသည် အသက်ရှည်လေ့ရှိပြီး ကမ္ဘာ့အသက်အကြီးဆုံးစာရင်းတွင် ပါဝင်လေ့ရှိသူများဖြစ်သည်။

စားသောက်မှုပုံစံပြောင်းလဲလာမှုကြောင့် အဝလွန်သူများရှိလာနေသော်လည်း ငါး၊ ထမင်း၊ ဟင်းသီးဟင်းရွက်နှင့် အဆီနည်းသည့် အစားအစာများကိုစားသုံးနေကြဆဲဖြစ်သည်။

ဂျပန်တွင် အသက်အရွယ်ကြီးသူများကို လေးစားမှုများရှိနေပြီး လူများသည် အသက် ၈၀ ကျော်အရွယ်အထိ တက်ကြွစွာလှုပ်ရှားနေထိုင်လေ့ရှိကြသည်။