သြဇာကြီးလွန်းသည့် ဧရာမနည်းပညာကုမ္ပဏီများ ဖြိုခွဲပစ်သင့်ဟု ဆီးနိတ်အမတ်ဝါရန်ပြော

သြဇာကြီးလွန်းသည့် ဧရာမနည်းပညာကုမ္ပဏီများ ဖြိုခွဲပစ်သင့်ဟု ဆီးနိတ်အမတ်ဝါရန်ပြော

စီးပွားရေးနှင့် အမေရိကန်ပြည်သူများဘဝကို ထိန်းချုပ်လွန်းအားကြီးသည့် သြဇာကြီး အမေရိကန်နည်းပညာ ကုမ္ပဏီကြီးများကို ဖြိုခွဲပစ်ရန်လိုအပ်ကြောင်း ဒီမိုကရက်တစ်ပါတီသမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မည့် အထက်လွှတ်တော်အမတ် အဲလစ်ဇဘက်ဝါရန်က မတ်လ ၈ ရက်၌ ပြောဆိုခဲ့သည်။

မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ်ဖြစ်သည့် ဝါရန်က ကမ္ဘာတစ်ဝန်း နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅ ဘီလျံနှင့်အထက် ရရှိသည့် နည်းပညာကုမ္ပဏီများကို ချဲ့ထွင်နိုင်စွမ်းကန့်သတ်ရန်နှင့် သီးခြားအစိတ်အပိုင်းများအဖြစ် ခွဲထုတ်သင့်ကြောင်း တင်ပြခဲ့သည်။

၄င်းသာ သမ္မတဖြစ်လာလျှင် မကြာမီက ဖေ့စ်ဘွတ်ခ်သည် အင်စတာဂရမ်ကို ဝယ်ယူခဲ့ခြင်း၊ အမေဇုန်က ဟိုးလ်ဖုဒ်အား သိမ်းသွင်းခဲ့ခြင်းကဲ့သို့ လုပ်ရပ်များကို တားဆီးရန် ဥပဒေပြုရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ဝါရန်က ပြောဆိုချိန်တွင် ၄င်းကိုထောက်ခံသူများက သြဘာပေးခဲ့ကြသည်။

နယူးယောက်စီးတီးတွင် မဲဆန္ဒရှင်များကို ဝါရန်ပြောဆိုခဲ့ခြင်းဖြစ်ပြီး အွန်လိုင်းလက်လီအရောင်းကို ချုပ်ကိုင်ထားသည့် အမေဇုန်သည် ယင်းမြို့တွင် ဌာနချုပ်အသစ်ဖွင့်လှစ်ရန် စီစဉ်ထားသည်။

အခြားသော ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်လိုသူများက ကြွယ်ဝချမ်းသာသူများထံမှ ဓနခွန်ကောက်ခံခြင်းနှင့် ကမ္ဘာတစ်ဝန်း ကလေးသူငယ်များစောင့်ရှောက်ရေး လုပ်ဆောင်ရန် ကြေညာခဲ့စဉ် ဝါရန်၏ နည်းပညာထိပ်သီးကုမ္ပဏီများဆိုင်ရာ အဆိုပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေဇုန်၏ ပြိုင်ဘက်အားလုံးအချင်းချင်းသတ်ဖြတ်ပြီး ၄င်းတစ်ဦးတည်းသာ ရှင်သန်ကျန်ရစ်စေသည့် နည်းဗျူဟာသည် နာမည်ကျော်ရုပ်ရှင် The Hunger Games ပမာဖြစ်နေကြောင်း၊ စနစ်ကိုက မှားယွင်းနေကြောင်း၊ နည်းပညာကုမ္ပဏီတစ်ခုတည်းက ဧရာမဈေးကွက်ကို ချုပ်ကိ်ုင်နိုင်ခြင်းဖြင့် နိုင်ငံရေးသြဇာကိုပါ ရရှိနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။

ဝါရန်၏ အဆိုပြုချက်အပေါ် ဖေ့စ်ဘွတ်ခ်ပြောခွင့်ရအမျိုးသမီး မိုနစ်ဟောလ်က တစ်စုံတစ်ရာမှတ်ချက်မပေးသေးပေ။ ဂူဂဲလ်၊ အမေဇုန်၊ မိုက္ကရိုဆော့ဖ်နှင့် အက်ပဲလ်ကိုယ်စားလှယ်များကလည်း အလျင်အမြန်မှတ်ချက်ပေးရန် တောင်းဆိုခြင်းကို ငြင်းပယ်ခဲ့ကြသည်။