မွေးဖွားမည့်ကလေးက ယောကျာ်းလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ၎င်းကို အမျိုးသမီးအဓိကဝါဒီသာဖြစ်စေလိုကြောင်း ဗြိတိန်မင်းသားဟာရီ၏ကြင်ယာသရုပ်ဆောင် မီဂန်မာကယ်က မတ် ၈ ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် လန်ဒန်၌ ပြောဆိုခဲ့သည်။
အမျိုးသားများသည်လည်း ၎င်းတို့သည် အမျိုးသမီးများအရေးဆောင်ရွက်သည့် အမျိုးသမီးအဓိကဝါဒီများဖြစ်နိုင်သည်ကို နားလည်သင့်ပြီး အမျိုးသမီးများ ၎င်းတို့နှင့်နှိုင်းယှဉ်လျှင် နောက်ကောက်ကျမကျန်ခဲ့ဘဲ ရင်ဘောင်တန်းနိုင်သည်ကို လက်ခံသင့်ကြောင်း ဆပ်စက်စ်နယ်မြို့စားကတော် မာကယ်က လန်ဒန်တက္ကသိုလ် ကင်းစ်ကောလိပ်၌ ပြုလုပ်သည့် ဆွေးနွေးပွဲတွင်ပြောဆိုခဲ့သည်။
ဆူညံသံအရှုပ်အထွေးများကြောင့် စိတ်မရှုပ်လိုသောကြောင့် သတင်းစာမဖတ်သလို တွစ်တာလည်းအသုံးမပြုကြောင်း မီဂန်ကပြောဆိုခဲ့သည်။
၎င်း၏အမျိုးသမီးအဓိကဝါဒသည် ခေတ်နောက်ကျသည်ဟု အထင်မခံလိုသောကြောင့် အဆန်းထွင်ခြင်းသာဖြစ်ကြောင်း သတင်းစာများကဖော်ပြခြင်းနှင့်ပတ်သက်၍ အမြင်ကိုလည်း ဆွေးနွေးပွဲတွင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့် သည် အီကောနမစ်အပတ်စဉ်ထုတ်သတင်းစာ၏ အကြီးတန်းအယ်ဒီတာ အန်း မက်အယ်လ်ဗွိုင်းက ပြောဆိုခဲ့သည်။
စာများများဖတ်လေ့မရှိကြောင်း မီဂန်က ဖြေဆိုခဲ့သည်။ လူမှုမီဒီယာများနှင့် သတင်းစာများတွင် ဖော်ပြချက်အများစုမှာ အနှစ်သာရမရှိသောကြောင့် မဖတ်ဘဲနေလေ့ရှိကြောင်း ၎င်းကပြောဆိုခဲ့သည်။
ဘုရင်မကြီး၏ ဓနသဟာယရန်ပုံငွေအဖွဲ့မှ ကျင်းပသည့် ဆွေးနွေးပွဲတွင် အဆိုတော် အန်နီ လင်နော့စ်၊ သြစတြေးလျဝန်ကြီးချုပ်ဟောင်း ဂျူလီယာဂီးလတ်တို့ပါဝင်ခဲ့သည်။
မီဂန်နှင့် မင်းသားဟာရီတို့သည် နွေဦးတွင် ပထမဆုံးကလေးကိုမွေးဖွားမည်ဖြစ်သည်။

















