သီရိလင်္ကာသမ္မတ မိုင်သရီပါလာ သီရိသေနာသည် ၄၃ နှစ်ကြာ သေဒဏ်ပေးမှုရပ်ဆိုင်းထားခြင်းအား ဖျက်သိမ်းပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများကို သေဒဏ်စီရင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး သီရိလင်္ကာစစ်တပ်ကလည်း မူးယစ်နှိမ်နင်းရေးတွင် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
သီရိသေနာသည် ရဲတပ်ဖွဲ့ကို ၎င်း၏အုပ်ချုပ်မှုအောက်သွင်းပြီး ဖိလစ်ပိုင်ရှိ မူးယစ်နှိမ်နင်းမှုများကို စံနမူနာထားကာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများအား ပြင်းပြင်းထန်ထန်နှိမ်နင်းမည်ဖြစ်ကြောင်း ကြွေးကြော်ခဲ့သည်။
သီရိသေနာသည် ဖိလစ်ပိုင်သို့ ဇန်နဝါရီတွင် သွားရောက်ခဲ့ပြီး ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေး၏ မူးယစ်ဆေးဝါးနှိမ်နင်းမှုများသည် တစ်ကမ္ဘာလုံးအတွက် စံနမူနာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဒူတာတေး သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်သည့် ၂၀၁၆ ခုနှစ်မှစ၍ မူးယစ်ဆေးဝါးသံသယဖြင့် လူထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရပြီးဖြစ်သည်။
မူးယစ်ဆေးဝါးအသုံးပြုမှုသည် နိုင်ငံတစ်ဝန်း ခြိမ်းခြောက်မှုဖြစ်လာပြီဖြစ်ကြောင်း ဗိုလ်ချုပ် မာဟဲရှ် ဆဲနာနာယာကာကပြောဆိုခဲ့သည်။
စစ်တပ်သည် ဖမ်းဆီးမှုနှင့် ဝင်ရောက်စီးနင်းမှုများကို ပြုလုပ်ခွင့်မရှိသောကြောင့် ရဲတပ်ဖွဲ့၊ ယစ်မျိုးအရာရှိများနှင့်ပူးပေါင်းပြီး မူးယစ်နှိမ်နင်းရေးကိုလုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ငါးဖမ်းစက်လှေများမှတစ်ဆင့် သီရိလင်္ကာနိုင်ငံတွင်းသို့ မူးယစ်ဆေးဝါးအများဆုံးဝင်ရောက်နေကြောင်း ရေတပ်တပ်မှူး ဗိုလ်ချုပ် ပီယယ် ဒီ ဆေလ်ဗာကပြောဆိုခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ရေတပ်သည် လူ ၁၆၈ ဦးအား မူးယစ်မှောင်ခိုမှုဖြင့် ဖမ်းဆီးခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဖမ်းဆီးမှု ၈၈ မှုရှိခဲ့ကာ ယခုနှစ်တွင် ၂၇ ဦးကိုဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်း ဆေလ်ဗာကပြောဆိုခဲ့သည်။
ရဲတပ်ဖွဲ့သည် မူးယစ်နှိမ်နင်းမှုကို အရှိန်မြှင့်ပြုလုပ်နေပြီး လွန်ခဲ့သောလတွင် ဟီးရိုးအင်း ၂၉၄ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့သည်။သီရိလင်္ကာ၌ မူးယစ်မှောင်ခိုမှုဖြင့် ထောင်ဒဏ်ကျခံနေရသူ ၄၈ ဦးအပါအဝင် သေဒဏ်ကျခံရန်စောင့်ဆိုင်းနေသည့် အကျဉ်းသား ၁၂၉၉ ဦးရှိနေသည်။

















