ဂျပန်၌ ဖယ်ရီသင်္ဘောတစ်စင်း ဝေလငါးနှင့်ဝင်တိုက်မိ၍ လူ ၈၀ ကျော်ဒဏ်ရာရ

ဂျပန်၌ ဖယ်ရီသင်္ဘောတစ်စင်း ဝေလငါးနှင့်ဝင်တိုက်မိ၍ လူ ၈၀ ကျော်ဒဏ်ရာရ

ဂျပန်ပင်လယ်၌ မတ် ၉ ရက်တွင် ဖယ်ရီသင်္ဘောတစ်စင်းသည် ဝေလငါးတစ်ကောင်နှင့် ဝင်တိုက်မိခဲ့မှုကြောင့် ခရီးသည် ၈၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

ဆာဒိုကျွန်းကမ်းလွန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျိုဒိုသတင်းဌာနက ဂျပန်ကမ်းခြေစောင့်တပ်၏ပြောဆိုမှုကို ကိုးကားဖော်ပြခဲ့သည်။

ဒဏ်ရာရရှိသူ ငါးဦးမှာ ဒဏ်ရာပြင်းထန်ပြီး ဖယ်ရီသင်္ဘောပဲ့ပိုင်းတွင် ၁၅ စင်တီမီတာ( ခြောက်လက်မ) ခန့် ကွဲအက်မှုရှိခဲ့သည်။

သို့သော် ဖယ်ရီသည် ဦးတည်သည့်နေရာသို့ ရောက်ရှိအောင်သွားနိုင်ခဲ့ကြောင်း သင်္ဘောကိုကြီးကြပ်သည့် ဆာဒိုစတင်းသင်္ဘောလုပ်ငန်းကပြောဆိုခဲ့သည်။

ဖယ်ရီသင်္ဘောသည် ဟွန်းရှူးကျွန်းရှိ နီအီဂါတာဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ခရီးသည် ၁၂၁ ဦးနှင့် အမှုထမ်းလေးဦးတို့လိုက်ပါခဲ့သည်။

ဖယ်ရီကိုကြီးကြပ်သည့် ကုမ္ပဏီက ခရီးသည်များကိုတောင်းပန်ခဲ့ပြီး ဖယ်ရီသင်္ဘောသည် ရေနေသတ္တဝါတစ်ကောင်ကောင်နှင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

လည်ပင်းနှင့် ရှေ့ခုံဝင်တိုက်မိခဲ့ပြီး နာကျင်သောကြောင့် ငြီးငြူနေသည့် အခြားခရီးသည်များလည်းရှိခဲ့ကြောင်း ခရီးသည်တစ်ဦးက ဒေသခံမီဒီယာသို့ပြောဆိုခဲ့သည်။

သင်္ဘောသည် တစ်နာရီလျှင် ၈၀ ကီလိုမီတာ( တစ်နာရီ ၄၉ မိုင်) နှုန်းဖြင့် သွားလာနိုင်သည့် အမြန်သင်္ဘောဖြစ်သည်။ ယခုလိုအချိန်မျိုးတွင် ဂျပန်ပင်လယ်တွင်း ဝေလငါးများ ကျက်စားလေ့ရှိသည်။