ဗင်နီဇွဲလားတွင် လျှပ်စစ်ဓာတ်အားဆက်လက်ပြတ်တောက်နေ

ဗင်နီဇွဲလားတွင် လျှပ်စစ်ဓာတ်အားဆက်လက်ပြတ်တောက်နေ

နိုင်ငံရေးစီးပွားရေး အကျပ်ဆိုက်နေသည့် ဗင်နီဇွဲလားနိုင်ငံတွင် လျှပ်စစ်ဓာတ်အားအကြီးအကျယ်ပြတ်တောက်မှု ဆက်လက်ဖြစ်ပေါ်နေပြီး သမ္မတနီကိုလပ်စ်မာဒူရိုနှင့် အတိုက်အခံခေါင်းဆောင်ဟွမ်ဂွိုင်ဒိုတို့သည် ၄င်းတို့အားထောက်ခံသူ အသီးသီးကို စုရုံး၍ တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန်ပြစ်တင် တိုက်ခိုက်နေကြသည်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုအတွက် မာဒူရိုတွင်တာဝန်ရှိကြောင်း၊ ခက်ခဲသည့်အချိန်များ ရှေ့တွင်ရှိနေကြောင်း ဟွမ်ဂွိုင်ဒိုက မတ် ၉ ရက်၌ ၄င်းကိုထောက်ခံသူများအား ပြောဆိုခဲ့သည်။

၄င်းဟောပြောမည့်စင်မြင့်ကို လုံခြုံရေးတပ်ဖွဲ့က ဖြုတ်သိမ်းခဲ့၍ ဟွမ်ဂွိုင်ဒိုသည် လက်ကိုင်အသံချဲ့စက်ငယ်အသုံးပြုခဲ့ရသည်။

ဗင်နီဇွဲလားတစ်ဝန်း ဧရာမလူထုချီတက်ပွဲကြီး တစ်ရပ် မကြာမီပြုလုပ်ကြမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

သမ္မတနန်းတော်အပြင်ဘက်တွင် စုရုံးလာသည့် ၄င်းအားထောက်ခံသူများအား သမ္မတနီကိုလပ်စ်မာဒူရိုက ဟွမ်ဂွိုင်ဒိုသည် လူရွှင်တော်တစ်ဦး၊ ရုပ်သေးတစ်ရုပ်သာဖြစ်ကြောင်း မတ်လ ၉ ရက်၌ ပြောဆိုခဲ့သည်။

ကြားဖြတ်သမ္မတ အဖြစ် ၄င်းကိုယ်၄င်း ကြေညာခဲ့သည့် ဟွမ်ဂွိုင်ဒို၏အဖြစ်ကိုလည်း မာဒူရိုက သရော်လှောင်ပြောင်ခဲ့သည်။ မာဒူရို၏ သမ္မတဒုတိယသက်တမ်း တာဝန်ယူမှုသည် တရားမဝင်သဖြင့် လွှတ်တော်ဥက္ကဌဖြစ်သည့် ဟွမ်ဂွိုင်ဒိုက ကြားဖြတ် သမ္မတအဖြစ် တာဝန်ယူကြောင်း ဇန်နဝါရီလကကြေညာခဲ့ပြီး ၄င်းကိုအမေရိကန်နှင့် နိုင်ငံ ၅၀ ခန့်က အသိအမှတ် ပြုထားသည်။

ဟွမ်ဂွိုင်ဒိုနှင့်မဟာမိတ်အမေရိကန်တို့၏ အဖျက်အမှောင့်လုပ်ရပ်နှင့် နိုင်ငံတကာဆိုင်ဘာတိုက်ခိုက်မှုကြောင့် ဗင်နီဇွဲလား၏ အဓိကရေအားလျှပ်စစ် ဖြန့်ဝေရေးလုပ်ငန်းထိခိုက်ခဲ့ရကြောင်း၊ ယခုအခါ ၇၀ ရာခိုင်နှုန်း ပြန်လည် ကောင်းမွန်လာပြီဖြစ်ကြောင်းလည်း မာဒူရိုက ပြောဆိုခဲ့သည်။

မာဒူရိုအစိုးရ၏ အကျင့်ပျက်ခြစားမှုနှင့် နှစ်ပေါင်းများစွာ တလွဲစီမံမှုတို့ကြောင့် လျှပ်စစ်ဓာတ်အားပါပြတ်တောက်ရပြီး စီးပွားရေး ယိုယွင်းမှု ပိုမိုကျယ်ပြန့်လာနေကြောင်း အတိုက်အခံများနှင့် အမေရိကန်အရာရှိများက ပြောဆိုခဲ့သည်။

မတ်လ ၉ ရက်ကပင် ဘိုလီဗာပြည်နယ်ရှိ ဓာတ်အားပေးစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ယင်းရက်မှာပင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ဗင်နီဇွဲလားဆက်သွယ်ရေးအခြေခံအားလုံးနီးပါးရပ်ဆိုင်းခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟု ဥရောပအခြေစိုက် နက်ဘလော့အုပ်စုက ထုတ်ပြန်ခဲ့သည်။