ကွန်ဂိုနိုင်ငံအရှေ့ပိုင်းရှိ အီဘိုလာကုသရေးစင်တာတစ်ခုကို လက်နက်ကိုင် အကြမ်းဖက်သမားများက မတ် ၉ ရက်တွင် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတစ်ဦးသေဆုံးပြီး ကျန်းမာရေးဝန်ထမ်းအများအပြား ဒဏ်ရာရရှိခဲ့သည်။
ဘူတမ်ဘိုမြို့ရှိ ထိုကုသရေးစင်တာသည် ပြီးခဲ့သည့်လကအကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် ပြန်ဖွင့်ပြီး တစ်ပတ်အကြာတွင် ယခုလိုထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ထမ်းများကို အကာအကွယ် လုံလုံလောက်လောက် မပေးလျှင် အီဘိုလာတိုက်ဖျက်ရေး အောင်မြင်နိုင်ဖွယ်မရှိဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့ကလည်း သတိပေးထားသည်။
ဓာတ်သတ္တုကြွယ်ဝသော ကွန်ဂိုအရှေ့ပိုင်းဒေသတွင် လက်နက်ကိုင်အဖွဲ့ အများအပြား ကြီးစိုးနေပြီး အီဘိုလာကုသရေးလုပ်ငန်းများကို ဆန့်ကျင်သည့် အဖွဲ့များလည်းရှိနေကာ ကျန်းမာရေးဝန်ထမ်းများကို ပစ်ခတ်တိုက်ခိုက်မှုများ မကြာမကြာ ဖြစ်ပွားလျက်ရှိသည်။
မတ် ၉ ရက် တိုက်ခိုက်မှုကို လုံခြုံရေးတပ်ဖွဲ့များက အချိန်မီတွန်းလှန်လိုက်နိုင်၍ သေဆုံးမှု နည်းပါးခဲ့ရခြင်းဖြစ်ကြောင်း ဘူတမ်ဘိုမြို့ဝန် ဆယ်ဗင် ကန်ယာမန်ဒါက ပြောသည်။
အကြမ်းဖက် တိုက်ခိုက်နိုင်ခြေရှိကြောင်း သတင်းကြိုရထားသဖြင့် လုံခြုံရေးတပ်ဖွဲ့များသည် အီဘိုလာကုသရေးစင်တာအနီး အသင့်ခြုံခိုစောင့်ဆိုင်းနေခဲ့ကြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်တို့ ထိုစင်တာသို့ လာရောက်မကြည့်ရှုမီ နာရီပိ်ုင်းအလိုတွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။
ကွန်ဂိုတွင် ၂၀၁၈ခုနှစ် သြဂုတ် ၁ ရက်မှစတင်ကာ အီဘိုလာ ပြန်လည်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ၈၅၄ ဦးကူးစက်ခံရကာ ၅၇၈ ဦးသေဆုံးခဲ့သည်။
၂၀၁၄ မှ ၂၀၁၆ ခုနှစ်အတွင်းအာဖရိကအနောက်ခြမ်းတွင် အီဘိုလာ ဖြစ်ပွားခဲ့စဉ်ကလူ ၁၁၃၀ဝ ဦးသေဆုံးခဲ့သည်။

















