အီရန်နိုင်ငံမြောက်ပိုင်း အာရက်ခ်မြို့ရှိ ဈေးဝယ်စင်တာတစ်ခု၌ အများပြည်သူရှေ့တွင် လက်စွပ်ဖြင့် လက်ထပ်ခွင့်တောင်းခဲ့သည့် အမျိုးသားတစ်ဦးနှင့် လက်ထပ်ခွင့်ပေးခဲ့သည့် အမျိုးသမီးတစ်ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
အများပြည်သူရှေ့တွင် လက်ထပ်ခွင့်တောင်းခဲ့ပုံကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင် လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့ပြီးနောက် ယင်းစုံတွဲအဖမ်းခံခဲ့ရခြင်းဖြစ်သည်။
နှင်းဆီပန်းများအလယ်တွင် ရပ်နေသည့် စုံတွဲကို ဗီဒီယိုထဲတွင် မြင်တွေ့ရမည်ဖြစ်သည်။ အမျိုးသမီးက လက်ခံကြောင်း ပြောဆိုခဲ့ပြီးနောက် အမျိုးသားသည် ချစ်သူမိန်းကလေးကို ဖက်ခဲ့ပြီး နံဘေးတွင် ရပ်ကြည့်နေသည့် လူအုပ်ကြီးက လက်ခုပ်တီးကာ ကောင်းချီးပေးခဲ့ကြသည်။
သို့သော် ယင်းစုံတွဲကို အစ္စလာမ်ဆိုင်ရာစည်းမျဉ်းများကို ချိုးဖောက်မှုဖြင့် ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။
သူစိမ်းအမျိုးသားနှင့် အမျိုးသမီးများ လူမြင်ကွင်းတွင် ရင်းနှီးစွာနေထိုင်ခြင်းနှင့် အများပြည်သူရှေ့တွင် အကြင်နာပေးခြင်းတို့ကို အီရန်ရှိ အစ္စလာမ်ဥပဒေများဖြင့် တင်းကျပ်စွာ တားမြစ်ပိတ်ပင်ထားသည်။
အများပြည်သူဆိုင်ရာနေရာတွင် မလျော်ကန်သော အပြုအမူကိုပြုလုပ်ခဲ့မှုဖြင့် တိုင်ကြားမှုရှိခဲ့သောကြောင့် ယင်းစုံတွဲကိုဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း မာကာဇိုင်ခရိုင် ဒုတိယရဲမှူး မာမွတ် ခါလာဂျီက အီရန်ရှိ ဖာစ်သတင်းဌာနသို့ပြောဆိုခဲ့သည်။
အနောက်တိုင်းယဉ်ကျေးမှု၏သြဇာလွှမ်းမိုးမှုဖြင့် မလျော်ကန်သော အပြုအမူများကို ကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီး ယင်းစုံတွဲကို အာမခံဖြင့် ပြန်လွှတ်ပေးထားကြောင်း ခါလာဂျီကပြောဆိုခဲ့သည်။
ယခုဖြစ်ရပ်နှင့်ပတ်သက်၍ အီရန်ရှိ လူမှုမီဒီယာတွင် ငြင်းခုန်မှုများရှိလာခဲ့သည်။ အောင်ပွဲခံရမည့်အစား ငိုယိုကာ အာမခံတောင်းခံခဲ့ရသဖြင့် သနားမိကြောင်း တစ်ဦးက တွစ်တာ၌ ရေးသားခဲ့သည်။
လက်ထပ်ခြင်းကဲ့သို့ ကိုယ်ရေးကိုယ်တာကိစ္စကို လူသိရှင်ကြားလုပ်ခဲ့ခြင်းဖြစ်ကြောင်း အခြားတစ်ဦးက ရေးသားခဲ့သည်။

















