အစိုးရဆေးရုံတွင် မွေးကင်းစကလေး ၁၁ ယောက်သေဆုံးမှု တူနီးရှား ကျန်းမာရေးဝန်ကြီး တာဝန်ယူနုတ်ထွက်

အစိုးရဆေးရုံတွင် မွေးကင်းစကလေး ၁၁ ယောက်သေဆုံးမှု တူနီးရှား ကျန်းမာရေးဝန်ကြီး တာဝန်ယူနုတ်ထွက်

တူနီးရှားနိုင်ငံ မြို့တော် တူးနစ်ရှိအစိုးရဆေးရုံတွင် ရောဂါပိုးဝင်မှုကြောင့် မွေးကင်းစကလေး ၁၁ ဦးသေဆုံးရမှုနှင့် စပ်လျဉ်းပြီး ကျန်းမာရေးဝန်ကြီးအဘဒါရော့ ရှာရစ်သည် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သည်။

ကလေးများသည် မတ် ၇ နှင့် ၈ ရက်တို့တွင် သေဆုံးခဲ့ရခြင်းဖြစ်သည်။

အစိုးရဆေးရုံများရှိလုပ်ငန်းစဉ်များ၊ သန့်ရှင်းသပ်ရပ်ရေးနည်းစနစ်များအား စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ယူဆွတ် ချာဟတ်က ပြောသည်။

ကျန်းမာရေးဝန်ကြီး မစ္စတာရှာရစ်သည် လွန်ခဲ့သောလေးလကမှ ရာထူးခန့်အပ်ခံထားရခြင်းဖြစ်သည်။

တူနီးရှား ကလေးဆရာဝန်များအဖွဲ့အစည်းကလည်း ကလေးများသေဆုံးရမှုသည် သွေးနှင့် ဓာတ်မတဲ့သော ပစ္စည်းများကြောင့်ဖြစ်နိုင်ကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

ကျန်းမာရေးဝန်ထမ်းများ အလုပ်လုပ်ကိုင်နေရသည့် အခြေအနေသည်လည်း ဆိုးရွားလျက်ရှိကြောင်း ထိုအဖွဲ့က ဖြည့်စွက်ရေးသားထားသည်။
တူနီးရှားကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် အာဖရိကမြောက်ပိုင်းနိုင်ငံများထဲတွင် ထိပ်တန်းဖြစ်ခဲ့ပြီး ဆေးကုသရန် အိမ်နီးချင်းနိုင်ငံများမှ လာရောက်သူများကြောင့် ပြည်ပဝင်ငွေပါ တိုးတက်ရရှိခဲ့သည်။

သို့သော်၂၀၁၁ ခုနှစ်တွင် သမ္မတဖိုင်းအယ်လ်အဘီဒင် ဘန် အလီကို ပြုတ်ကျခဲ့ပြီးနောက်ပိုင်း ကျန်းမာရေးကဏ္ဍ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ ဘဏ္ဍာရေးအကျပ်အတည်းတွေ့ခြင်း၊ ဆေးဝါးပစ္စည်း ပြတ်လပ်ခြင်းများကြောင့် တူနီးရှားကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကျဆင်းခဲ့ရသည်။