တူရကီလေကြောင်းမှ ဘိုးအင်း ၇၇၇ လေယာဉ်တစ်စင်း အစ္စတန်ဘူမှ နယူးယောက်သို့ ပျံသန်းစဉ် အတ္တလန္တိတ် သမုဒ္ဒရာပေါ်တွင် လေထုမငြိမ်သက်မှုကြောင့် လေယာဉ်ကသောင်းကနင်းလှုပ်ခတ်၍ ခရီးသည် ၃၀ ခန့် ထိခိုက်ခဲ့ပြီး နယူးယောက်ဂျေအက်ဖ်ကေလေဆိပ်သို့ အရေးပေါ်အခြေအနေဖြင့် ဆင်းသက်ခဲ့ရသည်။
ခရီးသည် ၃၀ဝ ကျော် တင်ဆောင်လာပြီး ၁၀ နာရီကြာပျံသန်းရသည့် ခရီးစဉ်အတွင်း မတ်လ ၉ ရက်က ဂျေအက်ဖ်ကေလေဆိပ်မဆင်းသက်မီ ၄၅ မိနစ်ခန့်အလိုတွင် လေထုအခြေအနေကြောင့် လေယာဉ် အလွန်အမင်း လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
လေဆိပ်တွင် ဒါဇင်ပေါင်းများစွာသော လူနာတင်ယာဉ်များ ကြိုစောင့်ခဲ့ရပြီး လေယာဉ် ဘေးကင်းစွာဆင်းသက်နိုင်ပြီးနောက် ထိခိုက်သူများကို ကုသပေးခြင်း၊ ဆေးရုံပို့ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့သည်။
ခရီးသည် ၃၀ ခန့်သည် ဆောင့်မိခြင်း၊ အတွင်းကြေထိခိုက်ခြင်းနှင့် ပြတ်ရှမှုအနည်းငယ်ခံစားခဲ့ရပြီး လေယာဉ်အမှုထမ်းတစ်ဦး ခြေထောက်ကျိုးခဲ့သည်။
ခရီးသည် ၂၈ ဦးကို ကွင်းစ်မြို့ရှိ ဂျမေကာဆေးရုံ၊ နှစ်ဦးကို ကွင်းဆေးရုံ ကုသရေးစင်တာသို့ ပို့ဆောင်ခဲ့ကြောင်း အာဏာပိုင်များက ပြောဆိုခဲ့သည်။
အရေးပေါ်အခြေအနေ ဖြစ်နေကြောင်း လေထဲမှာပင် လေယာဉ်အမှုထမ်းများက ကြေညာခဲ့ပြီး ယင်းလေယာဉ် ဆင်းသက်မှုကြောင့် လေဆိပ်၏အခြားလုပ်ငန်းများ ထိခိုက်မှုမရှိခဲ့ချေ။
ယင်းဖြစ်ရပ်က နယူးယောက်တွင် မတ်လ ၉ ရက်က ဒုတိယမြောက် ကံအကြောင်းမလှသည့် လေယာဉ်ခရီးစဉ်ဖြစ်သည်။
ယင်းရက်စောစောပိုင်းတွင်လည်း မွန်ထရီယယ်မှ ဖို့လောင်ဒေးသို့ပျံသန်းသည့် လေယာဉ်တစ်စင်းတွင် ကုန်စည်များထဲမှ မီးခိုးများထွက်လာ၍ နယူအာ့ခ်လစ်ဘာတီနိုင်ငံတကာလေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီး ပြေးလမ်းကို ခေတ္တပိတ်ထားခဲ့ရသည်။
အမျိုးသားမိုးလေဝသဌာနက လေထုမငြိမ်သက်မှုကြောင့် လေယာဉ်ကသောင်းကနင်းလှုပ်ခတ်နိုင်ကြောင်း လေသူရဲများကို ယင်းရက်တွင်သတိပေးထားပြီးဖြစ်သည်။

















