အီသီယိုးပီးယားလေကြောင်းပိုင်လေယာဉ်သည် မတ်လ ၁၀ ရက်က ပျက်ကျခဲ့ပြီး ၁၅၇ ဦးသေဆုံးရမှုအတွက် ပျက်ကျလေယာဉ်အမျိုးအစား ဘိုးအင်း ၇၃၇ မက်စ်မိုဒယ်သစ်အပေါ် မေးခွန်းထုတ်မှုများ ရှိလာကာ တရုတ်၌ ပြည်တွင်း အသုံးပြုနေသည့် ယင်းလေယာဉ်အမျိုးအစားများ ပျံသန်းမှုကို ယာယီဆိုင်းငံ့လိုက်သည်။
အီသီယိုးပီးယားမြို့တော် အဒစ္စအဘာဘာမှ ကင်ညာနိုင်ငံ နိုင်ရိုဘီသို့ ဦးတည်ပျံတက်ခဲ့သည့်လေယာဉ်သည် ပျံတက်ပြီး ခြောက်မိနစ်အကြာ၌ ပျက်ကျခဲ့ခြင်းဖြစ်သည်။
ခရီးသည်များမှာ အီသီယိုးပီးယားနှင့် ကင်ညာအပြင် တရုတ်၊ အမေရိကန်၊ ဆော်ဒီ၊ နီပေါ၊ အစ္စရေး၊ အိန္ဒိယနှင့် ကနေဒါနိုင်ငံသားများ ပါဝင်ကြပြီး အားလုံးသေဆုံးခဲ့ကြသည်။
ယင်းအတွက် နိုင်ငံတကာတွင် ပူဆွေးရမှုများ ဖြစ်ရသကဲ့သို့ ခရီးသည် ၁၉ ဦးသည် ကုလသမဂ္ဂနှင့်ဆက်နွှယ်သည့် ဝန်ထမ်းများဖြစ်ကြ၍ ကုလသမဂ္ဂအရာရှိများလည်း ဝမ်းနည်းတုန်လှုပ်ခဲ့ကြသည်။
အီသီယိုးပီးယားလေကြောင်းသည် နိုင်ငံပိုင်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်များအတွင်း တိုးတက်မှုရှိခဲ့ကာ ဘေးကင်းမှုဂုဏ်သတင်းကြီးသည့် အာဖရိက လေကြောင်းလိုင်းတစ်ခု ဖြစ်လာသည်။
အဒစ္စအဘာဘာနှင့် နိုင်ရိုဘီ လေကြောင်းခရီးသည် အာဖရိက၏အကြီးမားဆုံး စီးပွားရေးမြို့နှစ်ခုကို ဆက်သွယ်ခြင်းဖြစ်၍ နိုင်ငံတကာမှ စီးပွားရေးသမားများလည်း လိုက်ပါစီးနင်းကြသည်။
ယမန်နှစ်အောက်တိုဘာကလည်း အင်ဒိုနီးရှားမှ လိုင်းယန်းလေကြောင်းပိုင် ဘိုးအင်း ၇၃၇ မက်စ်တစ်စင်း ပျက်ကျပြီး ၁၈၉ ဦး သေဆုံးခဲ့ပြီးဖြစ်၍ ယင်းလေယာဉ်အမျိုးအစား၏ စိတ်ချရမှုအပေါ် မေးခွန်းထုတ်မှုများနှင့် ဘိုးအင်း ရင်ဆိုင်လာရသည်။
အီသီယိုးပီးယားလေယာဉ်ပျက်ကျချိန်တွင် ရာသီဥတုကြည်လင်နေပြီး ပျက်ကျရပုံ မရှင်းလင်းသေးပေ။ လေယာဉ်သည် ပျံတက်ခဲ့ပြီးနောက် တည်ငြိမ်မှုမရှိသဖြင့် လေယာဉ်မှူးက ပြန်လှည့်ရန်ကြိုးပမ်းခဲ့ရာမှ ပျက်ကျခဲ့ခြင်း ဟုလည်း သတင်းထွက်ပေါ်ခဲ့သည်။
လေယာဉ်ပျက်မှ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာကို ရှာဖွေနေဆဲဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများကို အမေရိကန် ကျွမ်းကျင်သူများနှင့် ဘိုးအင်းမှလည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
ပျက်ကျလေယာဉ်ကို နိုဝင်ဘာလကမှ လေကြောင်းလိုင်းက လွှဲယူခဲ့ခြင်းဖြစ်ပြီး ပျံသန်းချိန် နာရီ ၁၂၀ဝ သာ ရှိသေးသည်။ ယင်းလေယာဉ်မျိုး အစီး ၃၀ ခန့်အသုံးပြုရန် အီသီယိုးပီးယားလေကြောင်းလိုင်းက ရည်ရွယ်ထားကြောင်း ဘိုးအင်းက ယမန်နှစ် ဇူလိုင်က ပြောဆိုခဲ့သည်။

















