အိန္ဒိယရွေးကောက်ပွဲများ ဧပြီ ၁၁ ရက်၌ စတင်မည်၊ စစ်ဘက်ပုဂ္ဂိုလ်များပုံဖြင့်မဲမဆွယ်ကြရန် သတိပေး

အိန္ဒိယရွေးကောက်ပွဲများ ဧပြီ ၁၁ ရက်၌ စတင်မည်၊ စစ်ဘက်ပုဂ္ဂိုလ်များပုံဖြင့်မဲမဆွယ်ကြရန် သတိပေး

အိန္ဒိယနိုင်ငံ၏အထွေထွေရွေးကောက်ပွဲကို လာမည့်ဧပြီလ ၁၁ ရက်၌ စတင်ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပြီး စစ်ဘက်ပုဂ္ဂိုလ်များပုံပြသ၍ မဲဆွယ်စည်းရုံးမှုမပြုကြရေး မိမိတို့ကိုယ်စားလှယ်များကိုထိန်းသိမ်းရန်လည်း နိုင်ငံရေးပါတီများကို သတိပေးခဲ့သည်။

လက်ရှိ ဝန်ကြီးချုပ် နာရန်ဒါမိုဒီ၏ ဟိန္ဒူအမျိုးသားရေးပါတီသည် ဒုတိယအကြိမ် အာဏာရရှိရေး ကြိုးပမ်းမည် ဖြစ်သည်။လွန်ခဲ့သည့် ဒီဇင်ဘာက ပြည်နယ်ရွေးကောက်ပွဲများတွင် မိုဒီ၏ အမျိုးသားရေးအခြေခံဘီဂျေပီပါတီသည် အဓိက ပြည်နယ်သုံးခုတွင် အတိုက်အခံကွန်ဂရက်စ်ပါတီကို အရေးနိမ်ခဲ့သော်လည်း မကြာမီက ပါကစ္စတန်ကိုတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များအကူအညီကြောင့် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရန် မျှော်လင့်နေသည်။

ဖေဖော်ဝါရီ ၁၄ ရက်က ကက်ရှ်မီးယားတွင် စစ်သွေးကြွတို့ဗုံးခွဲမှုကြောင့် အိန္ဒိယစစ်ရဲ ၄၀ ကျော် သေဆုံးခဲ့ရခြင်းကိုအကြောင်းပြု၍ ဖေဖော်ဝါရီ ၂၆ ရက်၌ အိန္ဒိယလေတပ်က လက်ဦးမှုယူချေမှုန်းမှုအဖြစ် ပါကစ္စတန် အတွင်းရှိ စစ်သွေးကြွစခန်းတစ်ခုဆိုသည်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းဖြစ်ရပ်တွင် အိန္ဒိယတိုက်လေယာဉ်နှစ်စင်း ပစ်ချခံရ၍ လေသူရဲတစ်ဦးကို ပါကစ္စတန်တို့က ဖမ်းမိခဲ့သော်လည်း မကြာမီ ပြန်လွှတ်ပေးခဲ့သည်။

ယင်းနောက် မိုဒီနှင့် ဘီဂျေပီခေါင်းဆောင်များကအမျုးိသားလုံခြုံရေးနှင့်ပတ်သက်လျှင် ၄င်းတို့လက်မတွန့်ကြောင်း ရှင်းလင်းခဲ့ကြသည်။

အတိုက်အခံများကမူ မိုဒီအုပ်စုသည် အမျိုးသားလုံခြုံရေးရာဖြင့် မဲဆန္ဒရှင်များကို လွွှမ်းမိုးရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့ကြသည်။ သို့ဖြင့် ရွေးကောက်ပွဲကော်မရှင်က စစ်ဘက်ပုဂ္ဂိုလ်များပုံပြသ၍ မဲဆွယ်စည်းရုံးမှု မပြုကြရေး မိမိတို့ကိုယ်စားလှယ်များကိုထိန်းသိမ်းရန် ရွေးကောက်ပွဲကော်မရှင်က ညွန်ကြားခဲ့ခြင်းဖြစ်သည်။

ခေတ်သစ်ဒီမိုကရေစီတွင် လက်နက်ကိုင်တပ်ဖွဲ့များသည် နိုင်ငံရေးကင်းရှင်းပြီး ဘက်မလိုက်ဘဲ ပါဝင်ရမည့် အင်အားစုဖြစ်ရမည်ဟု ကော်မရှင်ကထုတ်ပြန်ခဲ့သည်။

အိန္ဒိယတွင် လူဦးရေသန်း ၉၀ဝ ရှိပြီး ရွေးကောက်ပွဲများကို ဧပြီလတွင် ၁၁၊ ၁၈၊ ၂၃ ၊၂၉နှင့် မေလတွင် ၆ ၊ ၁၂ ၊ ၁၉ ရက်များတွင် ပြုလုပ်မည်ဖြစ်ကာ မေ ၂၃ ရက်တွင် မဲများရေတွက်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဆူနီးလ်အရိုရာက ပြောဆိုခဲ့သည်။