မြောက်ကိုရီးယားသည် တာဝေးဒုံးကျည် သို့မဟုတ် အာကာသသို့ ဒုံးကျည်ပစ်လွှတ်ရေးလုပ်ငန်းများ ပြန်လည်စတင်နေကြောင်း ဂြိုလ်တုဓာတ်ပုံများအရသံသယဖြစ်ဖွယ်များတွေ့ရသည့်အတွက် အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်းတောင်ကိုရီးယားစစ်တပ်ကမတ် ၁၁ တွင် ထုတ်ပြန်ပြောကြားသည်။
ဆာမန်ဒန် ဒုံးကျည်သုတေသနစခန်းနှင့် ဆိုဟဲဒုံးကျည်စမ်းသပ်စခန်းတို့တွင် သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို ဂြိုလ်တုဓာတ်ပုံများမှတစ်ဆင့်တွေ့ရကြောင်း နိုင်ငံတကာလေ့လာစောင့်ကြည့်သူများကလည်း ဆိုထားသည်။
မြောက်ကိုရီးယားသည် ဒုံးကျည် ပြန်လည်ပစ်လွှတ်ပါက သောင်မတင် ရေမကျဖြစ်နေသောအမေရိကန်နှင့် ဆွေးနွေးပွဲတိုးတက်မှုများလည်းပျက်စီးသွားရနိုင်သည်။
တောင်ကိုရီးယားစစ်တပ်သည် အမေရိကန်စစ်တပ်နှင့် ပူးပေါင်းကာ မြောက်ကိုရီးယားဘက်ကဒုံးကျည်ပစ်လွှတ်မည့် အနေအထားမျိုးရှိမရှိကိုအနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူကင် ဂျွန်ရတ်ခ်ကပြောသည်။
ဖေဖော်ဝါရီ ၂၂ ရက်က ဂြိုလ်တုဓာတ်ပုံများအရ ဆာမန်ဒန်တွင် ကားများ၊ ထရပ်ကားများ၊ ရထားများ၊ ကရိန်းများလှုပ်ရှားနေကြသည်ကို တွေ့ရကြောင်း အမေရိကန်သတင်းဌာနအင်န်ပီအာရ်က ဖော်ပြသည်။
ဆာမန်ဒန်စခန်းသည် ပြုံယမ်းမြို့စွန်တွင် တည်ရှိပြီးတာဝေးဒုံးကျည်များ၊ အာကာသဒုံးပျံများအတွက် သုတေသနပြုရန် ၂၀၁၂ ခုနှစ်ကလုပ်ငန်းစတင် လည်ပတ်ခဲ့ခြင်းဖြစ်သည်။
ဆာမန်ဒန်စခန်းသည် အမေရိကန်ကုန်းမကြီးမည်သည့််နေရာကိုမဆို ပစ်ခတ်နိုင်သောဟွာဆောင်-၁၅ တာဝေးဒုံးကျည်ကိုထုတ်လုပ်ခဲ့ရာနေရာလည်းဖြစ်ကာ ၂၀၁၂ နှင့် ၂၀၁၆ တို့တွင် ဆိုဟဲဒုံးကျည်စခန်းမှ အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့ကြောင်း တွေ့ရသည်။

















