မလေးရှား၌ ကင်ဂျုံနမ်လုပ်ကြံခံရမှုတွင် သံသယရှိသူ အမျိုးသမီးနှစ်ဦးအနက် အင်ဒိုနီးရှားသူလွတ်မြောက်

မလေးရှား၌ ကင်ဂျုံနမ်လုပ်ကြံခံရမှုတွင် သံသယရှိသူ အမျိုးသမီးနှစ်ဦးအနက် အင်ဒိုနီးရှားသူလွတ်မြောက်

မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏အစ်ကို ကင်ဂျုံနမ် အဆိပ်ဖြင့်လုပ်ကြံခံခဲ့ရမှုသံသယဖြင့် စွဲချက်တင်ခံခဲ့ရသူအမျိုးသမီးနှစ်ဦးအနက် အင်ဒိုနီးရှားသူ ဆီတီအာရှားသည် နှစ်နှစ်ကြာထိန်းသိမ်းခံခဲ့ပြီးနောက် မတ်လ ၁၁ ရက်၌ လွတ်မြောက်ခဲ့သည်။

အစိုးရရှေ့နေများက ၄င်းအပေါ် လူသတ်မှုစွဲချက်ရုပ်သိမ်း လိုကြောင်း တင်ပြခဲ့ပြီးနောက် မလေးရှားဗဟိုတရားရုံးက ဆီတီအာရှားကို လွှတ်ပေးရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

လွှတ်မိန့်ချပြီးနောက် ဆီတီအာရှားသည် အခြားသော စွပ်စွဲခံရသူဖြစ်သည့် ဗီယက်နမ်သူ ဒုန်သီဟွန်ကိုပွေ့ဖက်ပြီး ငိုကြေးခဲ့သည်။

လွတ်မည်ဟု မမျှော်လင့်ခဲ့၍ အံ့သြဝမ်းသာမိကြောင်း ၄င်းကဆိုပြီး အင်ဒိုနီးရှားသံရုံးက ၄င်းကိုချက်ချင်းခေါ်ဆောင်သွားသည်။

တရားရုံးကြားနာမှုကို မတ်လ ၁၄ ရက်၌ ပြန်လည်စတင်မည်ဖြစ်ပြီး ဒုန်သီဟွန်၏ရှေ့နေများက အာရှားအမှုကဲ့သို့ပင် လူသတ်မှုစွပ်စွဲချက်ပြန်လည်ရုပ်သိမ်းရေး မေတ္တာရပ်ခံချက်ကို တရားရုံးက တုံ့ပြန်မည်ဟု မျှော်လင့်ရသည်။

၄င်းအမျိုးသမီးငယ်နှစ်ဦးတို့သည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ကွာလာလမ်ပူလေဆိပ်၌ ကင်ဂျုံနမ်၏ မျက်နှာကို ဗွီအိပ်က်စ်အဆိပ်ဖြင့်စွန်းပေစေလျက် နာ့ဗ်ကြောထိခိုက်သေဆုံးစေခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။

၄င်းတို့က ရုပ်သံဟာသအစီအစဉ်တစ်ခုအတွက် သရုပ်ဆောင်ရသည်ဟု ယုံကြည်လှုပ်ရှားခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။

ကင်ဂျုံအွန်၏ဖအေတူ မအေကွဲအစ်ကိုဖြစ်သူ ကင်ဂျုံနမ်သည်သေဆုံးခဲ့ပြီး အမျိုးသမီးငယ်နှစ်ဦးသာအဖမ်းခံခဲ့ရကာ အခြားသံသယရှိသူ မြောက်ကိုရီးယားလေးဦးတို့မှာ မလေးရှားမှ ယင်းနေ့မှာပင် ထွက်ခွာလွတ်မြောက်ခဲ့ကြသည်။

၄င်းတို့နိုင်ငံသူ လွတ်မြောက်ခြင်းသည် အဆင့်မြင့်ပုဂ္ဂိုလ်များ အဆက်မပြတ်စည်းရုံးခဲ့ခြင်း၏ရလဒ်ဖြစ်ကြောင်း အင်ဒိုအစိုးရက ထုတ်ပြန်ခဲ့သည်။

အမှုတွဲတစ်ခုတည်းမှ စွဲချက်တင်ခံရသူနှစ်ဦးအနက် ဆာတီအာရှားလွတ်မြောက်ပြီး ကျန်ရစ်ခဲ့သည့် ဒုန်သီဟွန်က မမျှတဟု ခံစားရကြောင်းပြောဆိုသည်ဟု ၄င်း၏ရှေ့နေက သတင်းထောက်များကို ပြောသည်။

အမျိုးသမီးငယ်နှစ်ဦးနှင့် ပျောက်ဆုံးသွားသည့် မြောက်ကိုရီးယားလေးဦးတို့သည် ကင်ဂျုံနမ်ကို သတ်ဖြတ်ရန် လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့သည့် သက်သေအလုံအလောက်ရှိကြောင်း မလေးရှားဗဟိုတရားရုံးက လွန်ခဲ့သည့်သြဂုတ်၌ ထုတ်ပြန်ခဲ့သည်။

ယင်းနောက် မတ်လ ၁၁ ရက်၌ မမျှော်လင့်ဘဲ အင်ဒိုနီးရှားသူတစ်ဦးတည်းကို လွှတ်မိန့်ထုတ်ပြန်ခဲ့သည်။