အမေရိကန်နောက်ခံပြု ဆီးရီးယားလက်နက်ကိုင်တပ်များ အိုင်အက်စ် နောက်ဆုံးခြေကုပ်စခန်းကို ထိုးစစ်ဆင်

အမေရိကန်နောက်ခံပြု ဆီးရီးယားလက်နက်ကိုင်တပ်များ အိုင်အက်စ် နောက်ဆုံးခြေကုပ်စခန်းကို ထိုးစစ်ဆင်

ဆီးရီးယားအရှေ့စွန်းအီရတ်နယ်စပ်အနီးအိုင်အက်စ် အကြမ်းဖက်အဖွဲ့ နောက်ဆုံးခြေကုပ်စခန်းကို အမေရိကန်ကျောထောက်နောက်ခံပေးထားသော ဆီးရီးယားလက်နက်ကိုင်တပ်ဖွဲ့များကမတ် ၁၀ တွင် နောက်ဆုံးထိုးစစ် စတင်ဆင်နွှဲပြီဖြစ်သည်။

အိုင်အက်စ် အကြမ်းဖက်သမားများခိုအောင်းနေသော ဘတ်ဟိုရွာကို ဆီးရီးယားဒီမိုကရက်တစ် တပ်ပေါင်းစု (အက်စ်ဒီအက်ဖ်) က ကြည်းတပ်များဖြင့် ထိုးစစ်ဆင်နေပြီး၊ အမေရိကန်နှင့် မဟာမိတ်များက လေကြောင်းပစ်ကူပေးလျက်ရှိသည်။

အိုင်အက်စ် အကြမ်းဖက်သမားများလက်နက်ချရန်နောက်ဆုံးသတ်မှတ်ချိန် မတ် ၁၀ ရက် ညနေ ၆ နာရီကျော်ပြီးနောက် ထိုးစစ် ပြန်လည်စတင်ခြင်းဖြစ်သည်။

ယူဖရေးတီးမြစ်ကမ်းပါးရှိ အိုင်အက်စ် လက်နက်ကိုင်များထိန်းချုပ်ထားသောဘတ်ဟိုရွာတွင် အိုင်အက်စ် တပ်ဖွဲ့ဝင် ၅၀ဝ ကျော် ခိုအောင်းနေပြီး၊ အမျိုးသမီးနှင့် ကလေး ၃၀ဝ၀ မှ ၄၀ဝ၀ ကြားလည်း ကျန်ရှိနေဆဲဖြစ်သည်။

အိုင်အက်စ်၏ နောက်ဆုံးခြေကုပ် ဘတ်ဟိုရွာကိုသိမ်းပိုက်ရန်  သုံးရက်ခန့် အချိန်ယူရဖွယ်ရှိကြောင်း အက်စ်ဒီအက်ဖ် တာဝန်ရှိသူအာရတ်စ် အော်ကတ်ရှ်က ပြောသည်။

အက်စ်ဒီဖက်ဖ် တပ်ဖွဲ့ဝင် ၂၅၀ဝ ဝန်းကျင် ထိုးစစ်အတွက် အသင့်ချထားကြောင်းလည်း သိရသည်။

ဘတ်ဟိုရွာကို သိမ်းပိုက်နိုင်ပါက တစ်ချိန်ကအီရတ်နှင့် ဆီးရီးယားနယ်မြေများကိုသိမ်းပိုက်ကာအစ္စလာမ္မစ် နိုင်ငံတော်အဖြစ် ကြေညာခဲ့သော အိုင်အက်စ်အဖွဲ့ကို ချေမှုန်းရေး လေးနှစ်ကြာစစ်ပွဲလည်း အဆုံးသတ်နိုင်မည် ဖြစ်သည်။