တာလီဘန်ခေါင်းဆောင်သည် အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်စခန်းများအနီးတွင်သာ နေထိုင်ခဲ့ဟုဆို

တာလီဘန်ခေါင်းဆောင်သည် အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်စခန်းများအနီးတွင်သာ နေထိုင်ခဲ့ဟုဆို

တာလီဘန်ခေါင်းဆောင် မူလာမိုဟမ္မဒ် အိုမာသည် အာဖဂန်နစ္စတန်တွင်  အမေရိကန်စစ်အခြေစိုက်စခန်းများမှ လမ်းလျှောက်သွားရုံဖြင့် ရောက်နိုင်သည့် နေရာများတွင်သာ အစဉ်တစိုက် နေထိုင်ခဲ့ကြောင်း စာအုပ်သစ်တစ်အုပ်တွင် ရေးသားထားသည်ကို တွေ့ရသည်။

အမေရိကန်က ယုံကြည်ထားသကဲ့သို့ ၎င်းသည် ပါကစ္စတန်တွင် ပုန်းရှောင်နေခြင်းမျိုး လုံးဝမရှိခဲ့ကြောင်း စာရေးဆရာမဘတ်တီဒမ်၏ “မူလာအိုမာ၏ လျှို့ဝှက်ဘဝ” စာအုပ်တွင် ရေးသားထားသည်။ မူလာအိုမာသည်ဇာတိပြည်နယ် ဇာဘူရှိအမေရိကန် ရှေ့တန်းစစ်အခြေစိုက်စခန်းမှသုံးမိုင်အကွာနေရာတွင်သာပုန်းခိုနေထိုင်ခဲ့ခြင်းဖြစ်ကြောင်းစာအုပ်တွင် ဖော်ပြထားသည်။

နယ်သာလန် သတင်းသမားမစ္စစ် ဒမ်သည် စာအုပ်အတွက် ငါးနှစ်ကြာသုတေသနပြုကာတာလီဘန် အဖွဲ့ဝင်အများအပြားနှင့်လည်းတွေ့ဆုံအင်တာဗျူးခဲ့သည်။

၂၀ဝ၁ ခုနှစ်တွင်  အမေရိကန်တပ်များတိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်တွင် တာလီဘန်အုပ်စိုးမှု အဆုံးသတ်ပြီးနောက် မူလာအိုမာသည် ပုန်းရှောင်သွားခဲ့ချိန်တွင် သက်တော်စောင့်အဖြစ် တာဝန်ယူခဲ့သည့် ဂျဘာအိုမာရီကိုလည်း တွေ့ဆုံမေးမြန်းခဲ့သည်။

၂၀၁၃ ခုနှစ်တွင် မူလာအိုမာသည် ဖျားနာရောဂါဖြင့် သေဆုံးချိန်အထိ မစ္စတာအိုမာရီက သက်တော်စောင့်အဖြစ် ဆောင်ရွက်ခဲ့သည်။

စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အမေရိကန်အစိုးရက မူလာအိုမာကိုဆုကြေး ဒေါ်လာဆယ်သန်းထိထုတ်ခဲ့သည်။

မူလာအိုမာသည် ဒုတိယမြောက် ပုန်းခိုနေရာရွှေ့ပြောင်းသည့်အခါတွင်လည်း တပ်ဖွဲ့ဝင် ၁၀ဝ၀ ကျော်ရှိသောအမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုအနီးအိမ်တစ်လုံးတွင် ပုန်းခိုနေထိုင်ခဲ့ကာ ထိုအိမ်ကိုအမေရိကန်တပ်များကတစ်ကြိမ် ဝင်ရောက်ရှာဖွေခဲ့ဖူးသော်လည်း မူလာအိုမာပုန်းခိုနေသည့်နေရာကို တွေ့ရှိခြင်းမရှိခဲ့ကြောင်းလည်း စာအုပ်တွင် ရေးသားဖော်ပြထားသည်။