နယ်စပ်တံတိုင်းအတွက် ဘတ်ဂျက် ဒေါ်လာ ၈ ဒသမ ၆ ဘီလျံထိလွှတ်တော်ထံမှ သမ္မတထရမ့် တောင်းခံမည်

နယ်စပ်တံတိုင်းအတွက် ဘတ်ဂျက် ဒေါ်လာ ၈ ဒသမ ၆ ဘီလျံထိလွှတ်တော်ထံမှ သမ္မတထရမ့် တောင်းခံမည်

အမေရိကန်ပြည်ထောင်စုတောင်ပိုင်း မက္ကဆီကိုနယ်စပ်တွင် တံတိုင်းတည်ဆောက်ရေးအတွက် နောက်ထပ် ဒေါ်လာ ၈ ဒသမ  ၆ဘီလျံထိသမ္မတဒေါ်နယ်ထရမ့်က လွှတ်တော်ထံတင်ပြတောင်းခံသွားရန်ရှိသည်။

၂၀၂၀ ခုနှစ် ဘတ်ဂျက်စာရင်းတင်သွင်းရာတွင် ထည့်သွင်းတောင်းခံရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဘတ်ဂျက်နှင့် နီးစပ်သည့် အမည်မဖော်သူ အရာရှိတစ်ဦးက ပြောကြားသည်။

တောင်းခံမည့် ပမာဏသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်နှစ်အတွင်း လွှတ်တော်က ချထားပေးခဲ့သည့် နယ်စပ်တံတိုင်းဘတ်ဂျက်ထက် ခြောက်ဆပိုများကြောင်း တွေ့ရသည်။

မက္ကဆီကိုဘက်မှ  တရားမဝင်ခိုလှုံသူများဝင်ရောက်ခြင်း၊ မူးယစ်မှောင်ခိုများဝင်ရောက်ခြင်းကိုကာကွယ်ရန် နယ်စပ်တံတိုင်းလိုအပ်သည်ဟုသမ္မတထရမ့်က ဆိုထားသည်။

နယ်စပ်တံတိုင်းသည် မလိုအပ်သောငွေဖြုန်းခြင်းသာဖြစ်သည်ဟု ဒီမိုကရက်များက ကန့်ကွက်လျက်ရှိပြီး အောက်လွှတ်တော်ကို ၎င်းတို့က ထိန်းချုပ်ထားခြင်းဖြစ်သောကြောင့် ရီပတ်ဘလီကန်ပါတီဝင်ဖြစ်သည့် သမ္မတထရမ့်၏ နယ်စပ်တံတိုင်းဘတ်ဂျက်သည် အောက်လွှတ်တော်ကို ဖြတ်ကျော်နိုင်ခြေနည်းပါးသည်။ရီပတ်ဘလီကန်များက အထက်လွှတ်တော်ကိုထိန်းချုပ်ထားသည်။

နယ်စပ်တံတိုင်းဘတ်ဂျက် အငြင်းပွားမှုကြောင့် အမေရိကန်အစိုးရဘတ်ဂျက်ချထားရေး နှောင့်နှေးခဲ့ပြီး အစိုးရလုပ်ငန်းများ သီတင်းပတ် ငါးပတ်ကြာရပ်ဆိုင်းခဲ့ကာ ဇန်နဝါရီလကမှ ပြန်လည်လည်ပတ်နိုင်ခဲ့ကြောင်း တွေ့ရသည်။

နယ်စပ်တံတိုင်းဘတ်ဂျက်ကို လွှတ်တော်ကမည်သို့ ဆုံးဖြတ်သည်ဖြစ်စေ သမ္မတထရမ့်အတွက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲထပ်ဝင်ရန် အကြောင်းအရာတစ်ခု ရရှိစေမည်ဖြစ်သည်။

နယ်စပ်တံတိုင်းတည်ဆောက်မည်ဟု ကြွေးကြော်ကာ၂၀၁၆ ရွေးကောက်ပွဲအောင်နိုင်ခဲ့ရာ ၂၀၂၀ တွင်  နယ်စပ်တံတိ်ုင်းအပြီးသတ်မည်ဟုကြွေးကြော်ရန်  သမ္မတထရမ့်က ပြင်ဆင်ထားပုံရကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများကသုံးသပ်ထားသည်။