ဘရက်ဇစ်ဟုခေါ်သည့် ဥရောပသမဂ္ဂ(အီးယူ)မှ ဗြိတိန်ထွက်ခွာရေးအစီအစဉ်အပေါ် ဗြိတိန်လွှတ်တော်၌ မဲခွဲဆုံးဖြတ်မည့်ရက်မတိုင်မီ အကြိုရက်တွင် ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေနှင့် အီးယူတို့အကြား ၄င်းတို့သဘောတူထားသည့် ဘရက်ဇစ်အစီအစဉ်ပြောင်းလဲရေး သဘောတူညီမှုကို ရရှိခဲ့သည်။
မတ်လ ၁၁ ရက်က ထရီဆာမေသည် ပြင်သစ်နိုင်ငံစထရာစဘတ်မြို့သို့ သွားရောက်ပြီး အီးယူခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာမှ ဥရောပကော်မရှင်ဥက္ကဌ ယွန်းကလော့ယွန်ကာထံမှ ဘရက်ဇစ်အစီအစဉ် ပြန်လည်ပြင်ဆင်ရေး ကတိကဝတ်ကို ရရှိခဲ့ခြင်းဖြစ်သည်။
မေနှင့်ယွန်ကာတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ဘရက်ဇစ်အစီအစဉ်တွင် အိုင်ယာလန်နယ်စပ်အရေး၌ ပြန်လည်သုံးသပ်ရန် သဘောတူညီခဲ့ကြောင်း ရှင်းပြခဲ့သည်။
နိုင်ငံရေးတွင် ရံဖန်ရံခါ ဒုတိယအခွင့်အရေးပေးရကြောင်း၊ အဘယ်ကြောင့်ဆိုသော် တတိယအခွင့်အရေးဟူ၍မူ မရှိ၍ဖြစ်ကြောင်း၊ ဘရက်ဇစ်သဘောတူညီချက်ကို နောက်တစ်ကြိမ် ထပ်မံပယ်ချပါက နောက်ထပ်ညှိနှိုင်းမှု ရှိတော့မည်မဟုတ်ကြောင်း ယွန်ကာက ပြောဆိုခဲ့သည်။
ထရီဆာမေအစိုးရနှင့် အီးယူအကြား သဘောတူထားသည့် ဘရက်ဇစ်အစီအစဉ်ကို ဗြိတိန်အောက်လွှတ်တော်က ပြီးခဲ့သည့်ဇန်နဝါရီတွင် မဲအပြတ်အသတ်ဖြင့် ပယ်ချခဲ့သည်။
ယင်းအစီအစဉ်အထမမြောက်ပါက ဗြိတိန်သည် အီးယူမှ သဘောတူညီချက်တစ်စုံတစ်ရာမပါဘဲ (ကွာရှင်းစာချုပ်မချုပ်ဘဲ ပြတ်စဲသကဲ့သို့) မတ်လ ၂၉ ရက်၌ ထွက်ခွာရတော့မည် ဖြစ်သည်။
အီးယူမှ ဗြိတိ်န်ထွက်ခွာပြီးနောက် နှစ်ဘက်ကုန်သွယ်ရေးသဘောတူညီချက်အသစ် မရမချင်း မြောက်အိုင်ယာလန်နှင့် အိုင်ယာလန်နယ်စပ်၌ လွတ်လပ်စွာကုန်စည်စီးဆင်းမှု ဆက်လက်ဖြစ်ပေါ်ရန် အီးယူ၏ အကောက်ခွန်စည်းမျဉ်းအတိုင်း ဗြိတိန်ကလိုက်နာမည့်စည်းကမ်းတစ်ရပ်ကို ဗြိတိန်အောက်လွှတ်တော်က အဓိက ကန့်ကွက်ခဲ့သည်။
ယင်းကြောင့် ဘရက်ဇစ်သဘောတူညီမှုမှ ယင်းစည်းကမ်းကိုပြန်လည်သုံးသပ်ရန် အီးယူကို ထရီဆာမေ တိုက်တွန်းခဲ့ရာ အောင်မြင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယင်းစည်းကမ်းကို ဘရက်ဇစ်အစီအစဉ်မှ လုံးဝဖယ်ရှားရန် တောင်းဆိုမှုများလည်း ရှိခဲ့ခြင်းကြောင့် မဲခွဲဆုံးဖြတ်မည့်ရလဒ်မှာ ထရီဆာမေအစိုးရနှင့် ဗြိတိန်နိုင်ငံအတွက် မည်သို့သက်ရောက်မည်မှာ မရေရာသေးပေ။

















